တာလေ ဇန်နဝါရီ ၂
လားဟူတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်းရှိ လားဟူတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများ၌ ပျော်ရွှင်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ လားဟူတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ထင်းရှူးပင်များ အဖူးဖူးသည့်အချိန်၊ ချယ်ရီပန်း၊ မက်မန်းပန်းနှင့် မက်မွန်ပန်းများ အပွင့်ပွင့်သည့်အချိန်တွင် ကျင်းပကြပြီး နှစ်စဉ် တပို့တွဲလဆန်း ၁ ရက်မှစတင်ကာ ပျော်ရွှင်စွာ ကျင်းပကြကြောင်းလည်း သိရသည်။
ထိုသို့ နှစ်သစ်ကူးပွဲတော်ကျင်းပချိန်တွင် မိမိထက် သက်ကြီး၊ ဝါကြီးပုဂ္ဂိုလ်များအား အေးချမ်းစေကြောင်း အနက်အဓိပ္ပာယ်ဆောင်သည့် လက်ဆေးပေးခြင်းမင်္ဂလာကို ပြုလုပ်ကြပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုး၊ မွေးမြူထားသော ဆန်၊ ဟင်းသီးဟင်းရွက်နှင့် တိရစ္ဆာန်များကို ချက်ပြုတ် ၍လည်းကောင်း၊ ကောက်ညှင်းဆန်များကို ခေါပုတ်အဖြစ်သို့ ထောင်း၍လည်းကောင်း၊ နှစ်သစ်ကူးပွဲတော်သို့ လာရောက်လည်ပတ်သူများအား တည်ခင်းဧည့်ခံလေ့ရှိပြီး ခေါပုတ်နှင့် ဝက်သားကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးအပ်လေ့ရှိကြောင်း သိရသည်။
ယင်းအပြင် လားဟူတိုင်းရင်းသားကျေးရွာများ၌ ထင်းရှူးပင်၊ ချယ်ရီပန်း၊ မက်မန်းပန်းနှင့် မက်မွန်ပန်းများကို ဝါးတိုင်တွင် ချည်၍လည်းကောင်း၊ စပါး၊ ကောက်ညှင်းနှင့် အခြားသီးနှံမျိုးစေ့များ ထည့်ထားသည့်တောင်းများကို စားပွဲအထက်တွင် တင်၍လည်းကောင်း မနက်နေထွက်သည်မှ နေဝင်ချိန်အထိ ကျေးရွာနေတိုင်းရင်းသားများနှင့် လာရောက်လည်ပတ်သူများက လားဟူတိုင်းရင်းသားများ၏ အိုးစည်၊ ဗုံမောင်း၊ ပလွေများ တီးမှုတ်ကာ ဝိုင်းဝန်းကကြပြီး လိုရာဆုကို တောင်းကြကြောင်းလည်း သိရသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် လားဟူတိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ကာ တိုင်းရင်းသား အချင်းချင်း ပိုမိုချစ်ခင်စည်းလုံးမှုရှိသဖြင့် နှစ်စဉ် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာကျင်းပကြပြီး တာလေ မြို့အတွင်းရှိ နားယောင်း၊ ဗေသလဟောင်း၊ မယ်ပိန်း၊ ရန်ကင်း(၂)၊ နားအွန် စသည့် ကျေးရွာများ နှင့် လားဟူတိုင်းရင်းသားများ နေထိုင်သည့်ကျေးရွာများတွင် ပျော်ရွှင်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)