Skip to main content

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပုသိမ်   စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၈) ကြိမ်မြောက် ARIC အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC ကော်မတီစတင် ချိန်မှယနေ့အထိ လုပ်ငန်း (၅၆)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အစည်းအဝေး (၇)ကြိမ် ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၄)ခုကို ခွင့်ပြုပေးနိုင်ခဲ့သည်။ အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် အနည်းဆုံး ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်လည်း မျှော်မှန်းလျက်ရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးဖို့၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆက်လက်ဖိတ်ခေါ် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လည်း လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများနှင့် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးကူညီရန် လိုအပ်သည့် ကိစ္စရပ်များကို တင်ပြနိုင်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးကို ရွေးချယ်ပြီး လာရောက်ရင်းနှီး မြှုပ်နှံကြသည့်အတွက် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

ယခုပြုလုပ်သည့် အစည်းအဝေးတွင်  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုကို ဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးနိုင်ရေး ကော်မတီဝင်များဖြင့် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။ ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် အတည်ပြုမိန့် ထုတ်ပေးထားသည့် လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဒေသခံများနှင့် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိတို့ကိုလဲ ကြီးကြပ်ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး ကိုဗစ်-၁၉ ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)