Skip to main content

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ် လေးလမ်းသွား ဆင်သေချောင်းတံတား (ကျောက်ချက်) ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၂၉

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၂၃ မိုင် ၁ ဖာလုံရှိ အရှည်(၂၁၀)ပေ၊ လေးလမ်းသွား ဆင်သေချောင်းတံတား (ကျောက်ချက်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဗိုလ်ဗိုလ်ကျော်၊ ဦးဝင်းဖေနှင့် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တို့က ဆင်သေချောင်းတံတား (ကျောက်ချက်)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ဆင်သေချောင်းတံတား (ကျောက်ချက်) ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပြီးတာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်ပက်ဖျန်း၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ တံတားအား ဖြတ်သန်းကြည့်ရှုသည်။

ယခင် ဆင်သေချောင်းတံတား(ကျောက်ချက်)၏ တစ်လမ်းမောင်း သံပေါင်တံတားဟောင်းသည် အသုံးပြုခဲ့သည့် နှစ်ကာလကြာမြင့်ပြီဖြစ်၍ ကြံ့ခိုင်မှုအားနည်းလာခြင်း၊ ကုန်တင်ယာဉ်ကြီးများ၏ ဝန်အားပိုမိုလာခြင်းနှင့် နှစ်လမ်းမောင်းကားလမ်းတွင် တစ်လမ်းမောင်းသံပေါင်တံတားဖြစ်နေ၍ ယာဉ်များ သွားလာမှုကြံ့ကြာခြင်းတို့ကြောင့် ၎င်းတံတားနေရာတွင် နှစ်လမ်းမောင်း သံကူကွန်ကရစ်တံတားအား အသစ်တည်ဆောက်၍ လေးလမ်းမောင်း သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၆)က ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီးသည် ယာဉ်သွားလာမှု များပြားလာသဖြင့် လက်ရှိလေးလမ်းသွားမှ ခြောက်လမ်းသွားသို့ အဆင့်မြှင့်တင်နိုင်ရေး လမ်းတာဘောင် ပေ ၉၀ အကျယ်တိုးချဲ့ခြင်း ဆောင်ရွက်ပြီးစီး၍ မိုးရာသီကာလအတွင်း လမ်းဘေး ဝဲ၊ ယာ၌ သစ်ပင်သုံးတန်းစိုက်ပျိုးခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆင်သေချောင်းတံတား (ကျောက် ချက်) တံတားအဝင်၊ အထွက်နေရာနှင့် ဘောဂသီရိကားဝင်းလမ်းဆုံ (Y-Junction) နေရာသည် ကုန်တင်ယာဉ်ကြီးများနှင့် မြို့တွင်းသွားလာသည့် ယာဉ်ငယ်များ၊ အနှေးယာဉ်များဆုံသည့် နေရာဖြစ်သဖြင့် တံတားအသစ်တည်ဆောက်ပြီးဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးနှင့် ယာဉ်များသွားလာ မှုစနစ်တကျဖြစ်စေရေး ယာဉ်ကြောများ ပြင်ဆင်သတ်မှတ်ရေးဆွဲပေးခြင်း၊ မီးပွိုင့်အသစ်များ တပ်ဆင်ပေးခြင်းတို့ကို မြို့တော်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ပေးထားသည့်အတွက် မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ စနစ်တကျသွား လာနိုင်ပြီဖြစ်သည်။

ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆင်သေချောင်းတံတား (ကျောက်ချက်) ၏ အောက်ဘက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယာယီရေထိန်းတမံပြုလုပ်၍ ချောင်းရေ Level ထိန်းသိမ်းခြင်းနှင့် ချောင်းဘေးဝဲ၊ ယာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ ကမ်းပါးများ သန့်ရှင်းသပ်ရပ်လှပရေး အစီအမံများလည်း ဆောင်ရွက်လျက်ရှိသဖြင့် ရေ Level ထိန်းသိမ်းထားခြင်းဖြင့် ရေထိန်းတမံ၏ အထက်ဘက်ဆင်သေချောင်းတလျှောက် ချောင်းဘေး ဝဲ၊ ယာရှိ လယ်မြေ၊ ယာမြေနှင့်အခြားစိုက်ပျိုးမြေများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ‌စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည့် ဒေသခံပြည်သူများအနေဖြင့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်