Skip to main content

တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သည့် အငြိမ်းစားဝန်ထမ်းများအား ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အထူးအလေးထား

နေပြည်တော် ဒီဇင်ဘာ ၂၈

ဗဟိုအဆင့် (၂၀၂၂) ခုနှစ်၊ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ် အနက် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်နိုင်မှသာ လူတိုင်းသက်ရှည်ကျန်းမာပြီး မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုဆန်းစစ်ဆွေးနွေးပွဲတွင် စီမံချက်တစ်ခုချင်းအလိုက်၊ ဌာနခွဲအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၏ ရလဒ်၊ အားသာချက်၊ အားနည်းချက်များကိုဆွေးနွေးကာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals) ကို ပြည့်မီပြီး ဒေသတွင်းနိုင်ငံများနှင့်လည်း ရင်ပေါင်တန်းနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့် အငြိမ်းစားဝန်ထမ်းများအား ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အထူးအလေးထား၍ ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း။

ယာယီနေရပ်စွန့်ခွာသည့် ပြည်သူများနှင့် လူစုလူဝေးရှိသည့်နေရာများ၌ ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ငန်းလမ်းညွှန်အတိုင်း ပေါင်းစည်းဆောင်ရွက်ပေးရန် လိုကြောင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် နေပြည်တော်တွင် တည်ဆောက်လျက်ရှိရာ ပြီးစီးတော့မည်ဖြစ်သဖြင့် မကြာမီဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်း၏ အရေးပါသော မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ မကြာမီက ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံပြည်သူ့ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသည့်ရလဒ်များကို အထူးအလေးပေး၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် (၂၀၂၂) ခုနှစ်အတွင်း လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်းတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အကြံပြုချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးအတည်ပြုကြကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်