နေပြည်တော် ဒီဇင်ဘာ ၂၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည့် ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) စာအုပ်ထုတ်ပေးရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများမှ ဩဝါဒခံယူခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ CI စာအုပ်ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းအလုပ်ရှင်များမှ အမည်စာရင်းတင်သွင်းထားသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ကိုးသိန်းနီးပါးခန့်ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးနိုင်ရေး မြန်မာ - ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးချက်အရ CI ထုတ်ပေးနိုင်ရေးစခန်း ငါးခု နှင့် Mobile Unit သုံးခု ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား CI နှင့် OWIC ထုတ်ပေးရခြင်းမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍ ထုတ်ပေးရခြင်းဖြစ်ပြီး ထိုသို့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိပါက အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအနေဖြင့် CI နှင့် OWIC ပြုလုပ်မည့် အလုပ်သမားများသည် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး ငွေကြေးအကုန်အကျခံ၍ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စေတနာထား၍ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
တာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအချင်းချင်း နိုင်ငံ့ဝန်ထမ်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စေတနာ၊ ကရုဏာထား၍ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံဂုဏ်ကို ဆောင်ရမည်ဖြစ်သည့်အပြင် နိုင်ငံတော်နှင့် ဝန်ကြီးဌာနကိုယ်စားပြု သွားရောက်ခြင်းဖြစ်သည့်အတွက် အပြုအမူ၊ အပြောအဆိုများကို ဆင်ခြင်ထိန်းသိမ်းကြရန် မှာကြားသည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်