နေပြည်တော် ဒီဇင်ဘာ ၂၈
နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ကရင်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်လည်းကောင်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမများ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ ကရင်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဝင်းကျော်နိုင်၊ မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေ၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် Road Safety Audit အဖွဲ့ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီပြည့်စုံ မှန်ကန်ညီညွတ်စေရေးလုပ်ငန်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့်အတွက် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာန/ အဖွဲ့များအနေဖြင့် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သည် အိမ်နီးချင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် ပြည်နယ်များ ဖြစ်ခြင်း၊ ရှည်လျားသည့် အဓိကပြည်ထောင်စုလမ်းမကြီးများ ပါဝင်နေခြင်း၊ တောတောင်ရေမြေ သဘာဝအလိုက်လမ်းများဖောက် လုပ်ထားခြင်းတို့ကြောင့် ခရိုင်/ မြို့နယ်အလိုက်ပူးပေါင်းအဖွဲ့များ စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြ ရန်၊ စစ်ဆေးတွေ့ရှိချက်များအပေါ်အခြေခံ၍ လိုအပ်သည့် ပြုပြင်မွမ်းမံမှု၊ အသစ်တိုးချဲ့ရေးဆွဲစိုက်ထူမှုများ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ပြည့်စုံညီညွတ်မှန်ကန်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်နှင့် ယခုအခါ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ခွင့်ပြုဘဏ္ဍာငွေများကို အချိန်မီ ထိရောက်အကျိုးရှိစွာ အသုံးချပြီး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ပြည့်စုံပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်သွားလာမှုအင်ဂျင်နီယာဌာနခွဲမှ အင်ဂျင်နီယာမှူးကြီးက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သုံးသပ်ဖော်ထုတ်ချက်များ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု၊ ကွင်းဆင်းစစ်ဆေးကြီးကြပ်မှုများနှင့် လမ်းညွှန်းလမ်းအမှတ်အသားများ ရေးဆွဲစိုက်ထူရေးဆိုင်ရာ အကြံပြုချက်များကိုလည်းကောင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ပြည်နယ်အတွင်း လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ဆောင်ရွက်ထားရှိမှု၊ ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်လုပ်ငန်းများ၊ အသစ်တိုးချဲ့ရေးဆွဲစိုက်ထူပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း Power Point Presentation ဖြင့် ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ သုံးသပ်ဆွေးနွေးမှာကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးများအပြီးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် အစည်းအဝေးတက်ရောက်လာကြသူများ၊ တာဝန်ရှိသူများနှင့်အတူ ဘားအံမြို့အတွင်းနှင့် မော်လမြိုင်မြို့အတွင်း လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ရေးဆွဲစိုက်ထူဆောင်ရွက်ထားရှိမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး တွေ့ရှိချက်များအပေါ် သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်