Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုကာလသည် ပွင့်လင်းရာသီဖြစ်ပြီး စပါးသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်သည့်အတွက် မြေသားလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြိုးဆွဲခြင်း လုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပစ္စည်းများ ကြိုတင်ပေးပို့ခြင်း၊ စီမံကိန်းတွင် အသုံးပြုမည့် အထောက်အကူပစ္စည်းများ ကြိုတင်သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဆောင်ရွက်လျက်ရှိသည့် မြို့ပြလုပ်ငန်းများကိုလည်း ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အား၊ လုပ်ငန်းဆောင်ရွက်ချိန်များကို ပိုမိုတိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီ ပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထား၍ ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်ကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်နေမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုနှင့် Control Build-ing တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့နယ်ရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းများသည် ယခုအခါ စီမံကိန်းလုပ်ငန်းများ၏ ၆၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်