ရန်ကုန် ဒီဇင်ဘာ ၂၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ထံမှ နယ်စပ်နှင့် တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ရှိ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၊ ပါမောက္ခချုပ်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ တာဝန်ရှိသူများနှင့် အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသော မေတ္တသုတ်နှင့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တမှ နယ်စပ်နှင့် တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များအား ဩဝါဒကထာမြွက်ကြားသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်တွင်းသာသနာပြုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ကြွရောက်လာကြသည့် ဆရာတော်အရှင်သူမြတ်တို့အား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒောဘာသထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်