နေပြည်တော် ဒီဇင်ဘာ ၂၈
ဦးစီးဌာန၊ လုပ်ငန်းများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများကို ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော်သွားရန်လိုကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်သွားရန်နှင့် ဝင်ငွေတိုးတက်ရရှိရေးအတွက် ကုန်ချောလက်ကျန်များ လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက စာရင်းများ စစ်ဆေးရာတွင် ကန့်ကွက်ချက်များ မဖြစ်ပေါ်စေရေးအတွက် ဌာနတွင်းစာရင်းစစ်အဖွဲ့များ ဖွဲ့စည်းပြီး ဦးစီးဌာန၊ လုပ်ငန်းများကို စစ်ဆေးပေးလျက်ရှိသဖြင့် ဌာနတွင်းစာရင်းစစ်များ၏ ထောက်ပြအကြံပြုချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အစီအမံများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်း၊ အရေးယူလိုက်နာဆောင်ရွက်ခြင်း (Plan, Do, Check, Act – PDCA) စသည့် အစီအစဉ်အတိုင်း အလေးထားဆောင်ရွက်ရန်နှင့် စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရန်ပုံငွေများ လျာထားတောင်းခံရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်နှင့် နှစ်လတ်မူဘောင်ရေးဆွဲရာတွင်လည်း စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရရှိသည့် ဘဏ္ဍာရန်ပုံငွေများကို လေလွင့်မှုမရှိအောင်နှင့် အကျိုးရှိအောင် သုံးစွဲသွားရမည်ဖြစ်ကြောင်း၊ စက်မှုသင်တန်းကျောင်းများအနေဖြင့် လက်ရှိသင်ကြားနေသည့် သင်ကြားရေးစနစ်များနှင့်ပတ်သက်၍ အောင်မြင်မှု ရှိ/မရှိ စိစစ်သုံးသပ်ဆောင်ရွက်ရန်နှင့် ရလဒ်အခြေပြုပညာရေးစနစ် (Competency-based Training) ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စက်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအပေါ် ဌာနတွင်းစာရင်းစစ်ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များ၊ အကြံပြုချက်များနှင့် သုံးသပ်ချက်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုဝင်ဘာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများ၊ ကျန်ရှိသည့်ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို တင်ပြကြပြီး ဒုတိယဝန်ကြီးက ဖြည့်စွက်ရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံမှူးများ၊ စက်ရုံခွဲတာဝန်ခံများ၊ စိုက်ကွင်း/ စိုက်ခြံတာဝန်ခံများ၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးဌာနမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
သတင်းစဉ်