Skip to main content

ဆီဆိုင်မြို့နယ်၌ MSME လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ခင်ခင်စန်းအမှတ်တံဆိပ် ထိုးမုန့်လုပ်ငန်း

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများမှ အမှတ်တရလက်ဆောင်မုန့်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချပေးလျက်ရှိသော ဒေသထွက်ထုတ်ကုန်တစ်ခုဖြစ်သည့် ထိုးမုန့်လုပ်ငန်းသည် လူမျိုးဘာသာမရွေး သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်ရန် ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ ဆီဆိုင်မြို့ အောင်သပြေရပ်ကွက်မှ ထိုးမုန့်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးခွန်ဝေမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်-

မေး။   ။ ထိုးမုန့်လုပ်ငန်း စတင်ဆောင်ရွက်ဖြစ်ပုံကို ရှင်းပြပေးပါ။

ဖြေ။    ။ ထိုးမုန့်လုပ်ငန်းကို ၁၉၈၅ ခုနှစ် လောက်ကတည်းက မိဘတွေလက်ထက်မှာ စတင်ပြုလုပ်ခဲ့ရာမှ လက်ရှိ သားသမီးတွေလက်ထက်အထိ လုပ်ကိုင်ဆောင်ရွက် လာတာဖြစ်ပါတယ်။ မိဘလက်ထက်က ပြုလုပ်ခဲ့တဲ့လုပ်ငန်းလည်းဖြစ်တော့ မိဘအမွေလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

မေး။   ။ ဘယ်လိုကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပါသလဲ၊ ပြုလုပ်ပုံအဆင့်ဆင့်နဲ့ ထိုးမုန့်အမျိုးအစား ဘယ်နှမျိုးထုတ်လုပ်တယ်ဆိုတာလည်း သိပါရစေ။

ဖြေ။    ။ ကုန်ကြမ်းတွေကတော့ အဓိကသုံးတာ ကောက်ညှင်း၊ ဂျုံ၊ အုန်းသီး၊ ပဲဆီ၊ ကြက်ဥ၊ ငချိပ်၊ ပဲမှုန့်၊ မြေပဲ၊ သီဟိုဠ်စေ့၊ စပျစ်သီးခြောက်နဲ့ သကြားစတာတွေကို အဓိကထားပြီး လူမျိုးဘာသာမရွေး သုံးဆောင်လို့ရအောင် သန့်ရှင်းလတ်ဆတ်စွာပြုလုပ်ထားပါတယ်။ မုန့်အမျိုး အစားတွေကတော့ ထိုးမုန့်၊ လမုန့်၊ မုန့်ကုလားမဲ၊ ကုလားပဲချောင်းဆိုပြီးတော့ လေးမျိုး ထုတ်လုပ်ရောင်းချပေးပါတယ်။

မေး။   ။ လက်ရှိဈေးကွက်အတွင်း ရောင်းချပေးရာမှာ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းလည်းသိပါရစေ။

ဖြေ။    ။ လက်ရှိ ဈေးကွက်မှာ ရောင်းချပေး တာက ဆီဆိုင်မြို့ (မြို့မဈေး) ဆီဆိုင်- တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီးပေါ် ခေတ်မီကားဂိတ်ရဲ့မျက်နှာချင်းဆိုင်မှာ ကိုယ်ပိုင် ဆိုင်ခန်းဖွင့်လှစ်ပြီး ရောင်းချပေးပါတယ်။ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းကတော့ ထိုးမုန့်တစ်ထုပ် ငွေကျပ် ၂၅၀၀၊ လမုန့်တစ်ထုပ် ငွေကျပ် ၂၀၀၀၊ မုန့်ကုလားမဲတစ်ထုပ် ငွေကျပ် ၂၅၀၀၊ ပဲချောင်းတစ်ထုပ် ငွေကျပ် ၂၀၀၀ စသဖြင့် ရောင်းချပေးပါတယ်။

မေး။   ။ အဓိက ဘယ်လိုနေရာတွေကို တင်ပို့ရောင်းချနေပါသလဲ။

ဖြေ။    ။ အဓိကတော့ ဆီဆိုင်မြို့ရဲ့ အမှတ်တရ လက်ဆောင်မုန့် တစ်ခုအနေနဲ့ ထုတ်လုပ်ရောင်းချပေးပါတယ်။ ဒေသခံမြို့သူမြို့သားတွေ ခရီးသွားတဲ့အခါ မိမိဒေသရဲ့ လက်ဆောင်မုန့်တစ်ခုအဖြစ် ဝယ်ယူသွားကြတယ်။ နောက်ပြီး မြို့ကိုရောက်ရှိလာကြတဲ့ ခရီးသွား ပြည်သူတွေလည်း လက်ဆောင်မုန့်အနေနဲ့ လာရောက်ဝယ်ယူကြတယ်။ ခုလော‌လောဆယ်တော့ တခြားမြို့တွေကို တင်ပို့ရောင်းချပေးတာ မရှိသေးပါဘူး။

မေး။   ။ တစ်နေ့ကို ထိုးမုန့်အထုပ်ရေ ဘယ်လောက်ရောင်းချရပါသလဲ။

ဖြေ။    ။ ပုံမှန်တော့မရှိဘူးပေါ့၊ အခါတွင်း ပွဲလမ်းသဘင်တွေရှိရင်တော့ ရောင်းမလောက်ဘူး၊ တစ်နေ့ ခန့်မှန်း ပုံမှန်ရောင်းရတာကတော့ မုန့်လေးမျိုးဆိုရင် အထုပ်အရေအတွက် ၁၀၀ နဲ့ ၁၅၀ ကြားမှာ ရောင်းရပါတယ်။

မေး။   ။ ကိုယ်ပိုင်လုပ်ငန်းလေးမှ စတင်ပြီး MSME လုပ်ငန်းအထိဖြစ်အောင် အသေးစားစက်မှုလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားရှိမှုကိုလည်း သိပါရစေ။

ဖြေ။    ။ အသေးစားစက်မှုလုပ်ငန်း (ဟိုပုံး)မှာ မှတ်ပုံတင်ထားရှိပါတယ်။ ဆီဆိုင်မြို့နယ်မှာရှိတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းတွေအနက် ထိုးမုန့်လုပ်ငန်းဟာ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်ရေးနဲ့ နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။     ။

တွေ့ဆုံမေးမြန်း-ဒေါ်နွေးနွေးယု

ဓာတ်ပုံ-မျိုးမြတ်(ဆီဆိုင်)