ရန်ကုန် ဒီဇင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနသို့ သွားရောက်၍ မူကြိုဆရာမများအတွက် သင်တန်းများဖွင့်လှစ် သင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
အလေးထားသင်ယူ
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွင် မူလတန်းကြိုဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ သင်တန်းက ပို့ချသင်ကြားပေးသည့် ဘာသာရပ်များကို အလေးထားသင်ယူပြီး လက်တွေ့နယ်ပယ်တွင် စနစ်တကျပြန်လည်အသုံးချခြင်းဖြင့် ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် ထိရောက်အောင်မြင်မှုများရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ လက်ခံစောင့်ရှောက်ထားသော ကျောင်းသားများအတွက် သင်ကြားလေ့ကျင့်ပေးမှု၊ ကျွေးမွေးမှု၊ သင်တန်းခန်းမနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားလူငယ်များသည် အနာဂတ်၏ နိုင်ငံ့သားကောင်းများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုးထားပြီး ရေရှည်ဘဝရပ်တည်ရေးအတွက် ပညာကိုကြိုးစားရမည်ဖြစ်ကြောင်း၊ ပြုစုစောင့်ရှောက်သူများအနေဖြင့်လည်း ပညာတော်၍စည်းကမ်းပြည့်ဝသော လူတော်လူကောင်းများဖြစ်လာစေရေး စနစ်တကျ သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းနှင့် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာတို့သို့ သွားရောက်၍ လက်ခံပြုစုစောင့်ရှောက်ထားသော ကလေးများအား တစ်နေ့တာလုပ်ငန်းဆောင်ရွက်မှုများကို ကိုယ်တိုင်ဆောင်ရွက်တတ်စေရန်နှင့် အခြေခံအရေးအဖတ်နှင့် အကြိုသက်မွေးပညာများအား လေ့ကျင့်သင်ကြားပေးခြင်း၊ ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများနှင့် အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအတွက် ကိုယ်ကာယပြန်လည်သန်စွမ်းစေရေး လေ့ကျင့်ပေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကလေးများအား အားပေးစကားပြောကြားသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကလေးများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိပ်ဆောင်၊ စားဆောင်များ၏ သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ကြရန်နှင့် ကလေးများ၏ မသန်စွမ်းမှုအမျိုးအစားအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အစဉ်တစိုက် ကြည့်ရှုစောင့်ရှောက်ရန် မှာကြားသည်။
သတင်းစဉ်