Skip to main content

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၀

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသဖြင့် အစိုးရဌာနဆိုင်ရာများ၏ စက်ပစ္စည်းကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲမှု၊ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်း အသုံးပြုမှုများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်အတွက်ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်သွားကြရန်နှင့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ယခုညှိနှိုင်းအစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနများက တင်ပြသည့်အမှာစာများကို သက်ဆိုင်ရာကော်မတီဝင်များနှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ရှင်းလင်းတင်ပြခြင်း၊ “ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရာတွင် လိုက်နာရမည့်ညွှန်ကြားချက်”ကို အတည်ပြုနိုင်ရေးအတွက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်