Skip to main content

အိန္ဒိယ၏ ပဲလိုအပ်ချက်မြင့်မားမှုကြောင့် မန္တလေးစျေးကွက်တွင် မတ်ပဲလက်ကျန် နည်းပါးသည်အထိ တင်ပို့နေရ

ရန်ကုန် ဒီဇင်ဘာ ၁၈

အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားမှုကြောင့် မန္တလေးစျေးကွက်တွင် မတ်ပဲလက်ကျန်နည်းပါးသည်အထိ တင်ပို့နေရကြောင်း မန္တလေးကုန်စည်ဒိုင်မှ စုံစမ်းသိရသည်။

အဆိုပါလိုအပ်ချက်မြင့်မားမှုကြောင့် မန္တလေးပဲဈေးကွက်အတွင်း မတ်ပဲနှင့်ပဲစင်းငုံများ ဈေးကောင်းရနေကြောင်း သိရသည်။

အိန္ဒိယလိုင်းက တောက်လျှောက်ဝယ်နေတယ်။ မတ်ပဲကမန္တလေးဈေးကွက်မှာ အဟောင်းလက်ကျန် အတော်လေးနည်းသွားပြီဟု အဆိုပါကုန်စည်ဒိုင်မှ တာဝန်ရှိသူက ပြောသည်။

လာမည့်နှစ်တစ်လပိုင်းနှင့် နှစ်လပိုင်းအတွက် သင်္ဘောဖြင့်တင်ပို့ရန် ကြိုတင်ဝယ်ယူမှုရှိနေကြောင်း အဆိုပါ စျေးကွက်မှ စုံစမ်းသိရှိရသည်။ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်အထိ ပြည်ပသို့ မတ်ပဲနှင့် ပဲစင်းငုံအပါအဝင် ပဲမျိုးစုံတန်ချိန် ၁၀ သိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထက်ဦးမောင်