နေပြည်တော် ဒီဇင်ဘာ ၁၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
နိုင်ငံအနှံ့ ကျန်းမာရေးစောင့်ရှောက်မှုများပေး
ရှေးဦးစွာ မြန်မာနိုင်ငံ ဆေးကောင်စီနာယက၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဆေးကောင်စီသည် ဆရာဝန်များ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ထိန်းကျောင်းရာတွင် အရေးကြီးသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကုသရေးလုပ်ငန်းများ အနေဖြင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့များဖြင့် နိုင်ငံအနှံ့ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိပြီး အဆင့်မြင့်ခွဲစိတ် ကုသမှုများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ အခြေခံကျန်းမာ ရေးဝန်ထမ်းများ၊ ကုသမှုအထောက်အကူပြုဝန်ထမ်းများကို နှစ်အလိုက် မွေးထုတ်ပေးလျက်ရှိပြီး Naypyitaw State Academy (Faculty of Medi-cine)ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ မွေးထုတ်ပေးလိုက်သည့် ဆရာဝန်များသည် နိုင်ငံတော်အပေါ်သစ္စာရှိရှိ၊ ကျင့်ဝတ်ကောင်းမွန်စွာဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးကောင်စီအနေဖြင့် ထိန်းကျောင်းရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆေးပညာတိုးတက်ရေးဆောင်ရွက်သွားမည်
ထို့နောက် မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌပါမောက္ခ ဒေါက်တာခင်မောင်အေးက မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်ဥပဒေ၊ နည်းဥပေဒေများနှင့် အညီဆရာဝန်များ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာများကို ထိန်းကျောင်းပေးလျက်ရှိပြီး ဆေးပညာတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီအတွင်းရေးမှူး၊ ပါမောက္ခဒေါက်တာကြည်ကြည်သင်းက မြန်မာနိုင်ငံဆေးကောင်စီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံဆေးကောင်စီအလုပ် အမှုဆောင်အဖွဲ့အစည်းအဝေး (၄/၂၀၂၃) ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို တက်ရောက်လာသည့် ဆေးကောင်စီအဖွဲ့ဝင်များက အတည်ပြုဆွေးနွေးကြကာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်
