Skip to main content

နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ သင်တန်းအမှတ်စဉ် (၁) အပိုင်း (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ သင်တန်းအမှတ်စဉ် (၁) အပိုင်း (၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (International Public Sector Accounting Standards – IPSAS) ကို အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရှင်းတမ်းရေးဆွဲမှုနှင့် အစီရင်ခံတင်ပြမှုပုံစံများ တစ်ပြေးညီဖြစ်စေရန် IPSAS ဘုတ်အဖွဲ့မှချမှတ် ပြဋ္ဌာန်းထားပါကြောင်း၊ IPSAS ကို လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံပိုင်ကဏ္ဍ၏ စာရင်းကိုင်စနစ် ပိုမိုကောင်းမွန်လာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသော ယုံကြည် အားထားရသည့် ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲတင်ပြနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများကို အလေးထား လေ့လာမှတ်သားပြီး မိမိတို့၏ လုပ်ငန်းခွင်တွင်ထိရောက်စွာ ပြန်လည်အသုံးချခြင်းဖြင့် နိုင်ငံတော်၏ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်း တာဝန်ခံကသင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား ၂၀၊ အခြားဝန်ကြီးဌာနများမှ သင်တန်းသား ၇၆ ဦး စုစုပေါင်း ၉၆ ဦး တက်ရောက် ကြပြီး IPSAS စာရင်းစံ ၁၆ ခုကို ဒီဇင်ဘာ ၁၈ ရက်မှ မတ် ၆ ရက်အထိ သုံးလကြာဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ကြောင်း၊ သင်တန်းအောင်မြင် သူများအနေဖြင့် IPSAS အပိုင်း (၃) သင်တန်းသို့ ဆက်လက်တက်ရောက်နိုင်ပြီး အပိုင်းသုံးပိုင်းလုံး အောင်မြင်သူများအား ဒီပလိုမာလက်မှတ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်