နေပြည်တော် ဒီဇင်ဘာ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အောင်ဆန်းပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံနှင့် ဂျီတီစီပုံနှိပ်စက်ရုံတို့တွင် မူလတန်းကျောင်းသုံးစာအုပ်များ၊ ပြည်သူ့လက်စွဲနှင့် ရွှေသွေးဂျာနယ်အပတ်စဉ် ရိုက်နှိပ်ထုတ်ဝေနေမှုကို လည်းကောင်း၊ ပုံနှိပ်စက်ရုံများနှင့် ကုန်ကြမ်း၊ ကုန်ချောပစ္စည်းသိုလှောင်သော ဂိုဒေါင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပုံနှိပ်အရည်အသွေးကောင်းမွန်မှုကို အစဉ်မပြတ် ကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းအဆင့်ဆင့်တွင် အမှားအယွင်းမရှိအောင် ကြပ်မတ်ဆောင်ရွက်ကြရန်၊ စက်ပစ္စည်းများ ထိခိုက်မှုမရှိစေရေးနှင့် ကုန်ကြမ်း၊ ကုန်ချောများ ဆုံးရှုံးမှုမရှိစေရန်၊ ဝန်ထမ်းကောင်းပီသစွာဖြင့် နိုင်ငံတော်နှင့်ဌာနအပေါ် သစ္စာစောင့်သိလျက် တာဝန်ယူ၊ တာဝန်ခံမှုတို့ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မီးဘေးလုံခြုံရေး အပါအဝင်၊ စက်ရုံ၊ ဝန်ထမ်းတို့၏ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
အလေအလွင့်မများရေး မှာကြား
ညနေပိုင်းတွင် သိမ်ဖြူလမ်းဗဟိုပုံနှိပ်စက်ရုံ၌ ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများကို အားနည်းချက်နှင့် အမှားအယွင်းမဖြစ်စေရေး၊ အရည် အသွေးကောင်းမွန်ရေး၊ အလေအလွင့်မများရေးတို့ကို မှာကြားခဲ့သည်။
စာကြည့်တိုက်နှင့် ရုံးလုပ်ငန်းများ ကြည့်ရှု
ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရုံးနှင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရုံးတို့ကိုရောက်ရှိပြီး စာကြည့်တိုက်နှင့် ရုံးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ဒေသအသီးသီးတွင် ဖွင့်လှစ်ထား
ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ မူလအစသည် စာကြည့်တိုက်လုပ်ငန်းဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ ဗဟုသုတလေ့လာမှုကို နည်းမျိုးစုံဖြင့် ရှာဖွေလေ့လာနိုင်သော်လည်း စာအုပ်ကို ကိုင်တွယ်ဖတ်ရှုလေ့လာရခြင်း၏အရသာနှင့်အကျိုးမှာ ပိုမိုလေးနက်ထူးခြားကြောင်း၊ အများစုက စာအုပ်များကို ဖတ်ရှုလေ့လာလိုသည့် အာသီသရှိကြကြောင်း၊ ထို့ကြောင့် မိမိတို့စာကြည့်တိုက်များကို ပြည်သူလူထုစိတ်ဝင်စားအောင် စည်းရုံးဆောင်ရွက်ခြင်း၊ ကောင်းမွန်သော ဝန်ဆောင်မှုဖြင့် စာဖတ်စာငှားကာ ပြည်သူများ၏ဆန္ဒကို အလေးထားဖြည့်ဆည်းပေးကြရန်လိုကြောင်း၊ မိမိတို့ရုံးသို့ ပြည်သူများထိတွေ့ဆက်ဆံမှုများပြီး စာပေလေ့လာမှုများပြားပါမှ ပြန်ဆက်ရုံးများ ဒေသအသီးသီးတွင် ဖွင့်လှစ်ထားရခြင်း၏ အဓိပ္ပာယ်ပြည့်စုံမည်ဖြစ်ကြောင်း။
ဗလငါးတန်ပြည့်ဝရေး ဦးစားပေးဆောင်ရွက်
ထို့ပြင် ပြည်သူ့ဆက်ဆံရေးနည်းလမ်းပေါင်းစုံဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း၊ နိုင်ငံတွင် လက်ရှိအခြေအနေများနှင့် ရှေ့ဆက်သွားရမည့် လုပ်ငန်းများအရ လူငယ်များအပါအဝင် ပြည်သူအားလုံးအသိပညာ ဗဟုသုတပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံနေကြရန်လိုကြောင်း၊ လူငယ်များမှာ ဘဝအစဖြစ်၍ အခြေခံကောင်းအောင် ဗလငါးတန်ပြည့်ဝရေးကို ဦးစားပေးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သို့သော်လည်း လူငယ်များသာမက မိမိတို့ဝန်ထမ်းများ ကိုယ်တိုင်နှင့် ပြည်သူအားလုံးလည်း ဗလငါးတန်ပြည့်ဝရန်လိုကြောင်း၊ သို့မှသာ နိုင်ငံအတွက် ပိုမိုအားကောင်းပြီး အဘက်ဘက်မှ အကျိုးများမည်ဖြစ်ကြောင်း၊ Life Long Learning ဟူသောစကားနှင့်အညီ အသက်ရှင်နေသရွေ့ အသိပညာဗဟုသုတများ လေ့လာဆည်းပူး နေကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များနှင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူကိုသစ္စာစောင့်သိပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် လုပ်ငန်းများကို မိမိတို့၏ ဆန်းသစ်သော အတွေးအခေါ် အယူအဆများဖြင့် ခေတ်နှင့်လျော်ညီစွာ လုပ်ဆောင်သွားကြရန်တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်
