Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင် ကျုံပျော်ခရိုင်၌ ကျင်းပသည့် (MSMEs) ဒေသထွက်ကုန်ပစ္စည်းများပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ပုသိမ် ဒီဇင်ဘာ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၌ ကျင်းပသည့်(MSMEs) ဒေသထွက်ကုန်ပစ္စည်းများပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် စက်ပစ္စည်းအရောင်းပြခန်း၊ မြန်မာ့ပီလောပီနံနှင့် ပီလောပီနံကော်မှုန့်ပါဝင်သည့် လူသုံးကုန်၊ စားသောက်ကုန်များ၊ ပီလောပီနံ ပျော့ဖတ်တိရစ္ဆာန်အစာ၊ ပီလောပီနံမှ ထုတ်လုပ်သော သဘာဝမြေဩဇာ၊ ငှက်ပျောနှင့်ငှက်ပျောချည်ဖြင့် ပြုလုပ်သည့် လက်မှုထည်များ၊ ဒေသထွက်ထုတ်ကုန်များ ပြခန်း၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆီထွက်ကုန်ပစ္စည်းများ၊ ဆန်နှင့်ထွက်ကုန်ပစ္စည်းများ ပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ဒေသထွက် ကြိမ်၊ ဝါး၊ ဗေဒါလက်မှုပစ္စည်းများ၊ နုထွေးလက်ဖက်နှင့်ချင်းသုပ်လုပ်ငန်းမှ ထုတ်ကုန်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသထွက်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ရေး ဆွေးနွေးမှာကြားသည်။

တိုင်းပြည်ငြိမ်းချမ်းမှ ဖွံ့ဖြိုးမှုများ ရရှိလာမည်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကျုံပျော်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့်တွေ့ဆုံပြီး မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး နားလည်ရန်နှင့် တစ်ဦး၏အခက်အခဲကို တစ်ဦးကဖေးမကူညီရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် မိမိတို့၏ နောင်လာနောက်သားများကို ကောင်းမွန်သည့် သမိုင်းကြောင်းမှတ်တမ်းများ လက်ဆင့်ကမ်းပေးရန်လိုကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံမှီတင်းနေထိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းပြည်ကို စုပေါင်းခေါင်းဆောင်မှုဖြင့်သာ သွားရမည်ဖြစ်ကြောင်း၊ လူမျိုးတိုင်း၊ ပါတီတိုင်းသည် နိုင်ငံတော်ကို ခေါင်းဆောင်သည့်အခါ ကိုယ်စီတာဝန်ယူ၍ စုပေါင်းခေါင်းဆောင်မှုဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကို အစွမ်းကုန်မြှင့်တင် ကြိုးစား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်အပေါ် စေတနာရှိပြီး သဘောထားပြည့်ဝသည့် ခေါင်းဆောင်များကို ရွေးချယ်နိုင်ရန်လိုအပ်ကြောင်း၊ အေးချမ်းတည်ငြိမ်မှုရှိမှသာ နိုင်ငံတော်၏ ရည်မှန်းချက်များကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ကဏ္ဍစုံကြိုးပမ်းဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတစ်ဦး၏တာဝန်ကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အားပေးမြှင့်တင်ဆောင်ရွက်နေမှု၊ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နေမှုကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ တောင်သူများထံ နိုင်ငံစီးပွားမြှင့်တင်ရေး နွေစပါးစီမံကိန်းသွင်းအားစုများ ပေးအပ်ကြသည်။

အထွက်ကောင်းမျိုးများတိုးတက်စိုက်ပျိုးရန်မှာကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူဦးကျော်သူရ၏ စိုက်ဧကရှစ်ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ပီလောပီနံစံပြစိုက်ခင်းကို သွားရောက်ကြည့်ရှုအားပေးပြီး ပီလောပီနံအထွက်ကောင်းမျိုးများ၊ စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်စေရေးနှင့် မျိုးပွားဖြန့်ဝေ ဆောင်ရွက်ရန်၊ သီးထပ်စွမ်းအားများ တိုးတက်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတို အထွက်ကောင်းမျိုးများတိုးတက် ထုတ်လုပ်စိုက်ပျိုးရန် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာအုပ်စုရှိ ပိုင်ရှင် ဦးအောင်မြင့်၏ တိုးတက်ကုမ္ပဏီရော်ဘာ ခြံသို့ရောက်ရှိကြပြီး စိုက်ဧကများအပြည့် အဝစိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေး ပြည့်မီစေရေး၊ ကုန်ကြမ်းများမှ ကုန်ချောထုတ်လုပ်နိုင်သည်အထိ နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားကာ ရော်ဘာစိုက်ပျိုးထားရှိမှု၊ အစေးခြစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ရော်ဘာစေးများကို  ခဲကန်အတွင်း ထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ ရော်ဘာပြားများကိုကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်းနှင့် မှိုင်းခံပြီး ရော်ဘာပြားများကို ထုပ်ပိုးခြင်းစသည့် ကုန်ကြမ်းထုတ်လုပ်မှုအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

လူသုံးကုန်ပစ္စည်း ထုတ်လုပ်နေမှုကြည့်ရှု

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်ရှိ “အောင်မိသားစု” သင်၊ ကြိမ်၊ ဝါး၊ ဗေဒါရိုးလက်မှုပစ္စည်း အရောင်းဆိုင်သို့ ရောက်ရှိပြီး လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာရှိ ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးစပါးဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း ဧက ၂၀၀ စံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးပြီး သဘာဝမြေဩဇာအသုံးပြုမှုကြောင့် မြေဆီလွှာ ပြန်လည်ကောင်းမွန်လာမှုနှင့် ဆန်/ စပါး အရည်အသွေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ သဘာဝမြေဩဇာအသုံးပြု၍ ဓာတုကင်းလွတ်ပေါ်ဆန်းများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ခေတ်မီနည်းပညာ အကူအညီများဖြင့် အရည်အသွေးပြည့်ဆန်များ ထွက်ရှိစေရေး၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ အထွက်တိုးသည့် ပေါ်ဆန်းမျိုးစပါးများ ပြောင်းလဲစိုက်ပျိုး စေရေးနှင့် စိုက်ပျိုးရေးသုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက် သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်