Skip to main content

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) (၂၉)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် ကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၁၇

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၂-၁၃၈၃ ပညာသင်နှစ်တွင် သာသနတက္ကသီလ ဓမ္မပါရဂူဘွဲ့ Ph.D တစ်ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ M.A ၁၀ ပါးနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ B.A ၂၈ ပါး စုစုပေါင်းသံဃာတော်အရှင်သူမြတ် ၃၉ ပါးတို့အား ဘွဲ့ဆက်ကပ်မည့် (၂၉)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၅ ခုနှစ် နတ်တော်လပြည့်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘွဲ့ခံယူတော်မူမည့် သံဃာတော်များထံသို့ ပင့်လျှောက်လွှာများကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဌာနနှင့် ပြည်တွင်းသာသနာပြုဌာနခွဲတို့မှတစ်ဆင့် ပေးပို့ဆက်ကပ် ထားပြီးဖြစ်ပါသည်။

ပင့်လျှောက်လွှာ လက်ခံရရှိခြင်း မရှိပါကလည်း ဘွဲ့နှင်းသဘင်ခန်းမသို့ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီအရောက် အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားကြောင်းနှင့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူအပါအဝင် ပင့်သံဃာတော် ၄၉ ပါး၊ ဘွဲ့ခံသံဃာတော် ၃၉ ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပမည်ဖြစ်ပါ၍ ဆွမ်းဆန်စိမ်းလောင်းလှူလိုသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်တစ်ဦးချင်းပုဂ္ဂလိက အလှူရှင်များအနေဖြင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)ဌာနခွဲ (ဖုန်း ၀၉-၂၅၀၀၈၇၅၅၄၊ ၀၉-၂၅၉၆၂၈၁၆၄၊ ၀၉-၂၅၅၉၅၃၁၇၅)သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်