တရားမဝင်ကုန်သွယ်မှု သို့မဟုတ် မှောင်ခိုရောင်းဝယ်မှုသည် ခေတ်အဆက်ဆက်ကတည်းက ရှိလာခဲ့သောပြဿနာတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးစီးပွားထိခိုက်စေသော ရောင်းဝယ်ဖောက်ကားမှုဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုသည် ကျယ်ပြန့်နက်ရှိုင်းပြီး လူသုံးကုန်ပစ္စည်းအသေးအမွှားမှအစ မူးယစ်ဆေးဝါး၊ လက်နက်ပစ္စည်း စသည့်အကြီးစားများအထိပါဝင်သည်။ တရားမဝင်ကုန်သွယ်မှုကို အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်နေသော်လည်း ဆက်လက်ရှိနေသေးသည်မှာ ဝိသမလောဘသားများ အကျိုးအမြတ်များစွာဖြစ်ထွန်းမှု၊ ရှောင်ကွင်းလမ်းများရှိနေမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် မသမာမှုများရှိနေမှု၊ သတင်းအချက်အလက်ကြိုတင် မရရှိမှု၊ အရောင်းအဝယ် တွင်ကျယ်နေမှုစသည့် အကြောင်းများကြောင့် ဖြစ်နိုင်သည်။
တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံအတွက် ကြီးမားသောဆုံးရှုံးနစ်နာမှုများ ဖြစ်စေသည်။ အခွန်အခများဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်းများမှားယွင်းပြီး ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ နိုင်ငံတော်ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း မတည်မငြိမ်ဖြစ်နိုင်ခြင်း၊ တရားမဝင်တင်သွင်းသည့်ကုန်စည်များကြောင့် ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ယှဉ်ပြိုင်မှု ကျဆင်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင်တင်သွင်းသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့်အလှကုန်ပစ္စည်းများတွင် အတုအပများ၊ သက်တမ်းလွန်ပစ္စည်းများကြောင့် သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသည်။
ထို့အပြင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေနိုင်ခြင်း၊ တရားမဝင်အကျိုးစီးပွားဖြစ်ထွန်းသောကြောင့် အကျင့်စာရိတ္တများ ပျက်ပြားစေနိုင်ခြင်းတို့အပြင် အမျိုးသားရေး၊ လုံခြုံရေးတို့နှင့်သက်ဆိုင်သည့် မူးယစ်ဆေးဝါးနှင့်တရားမဝင် လက်နက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား သယ်ဆောင်ဖြန့်ချိခြင်းကြောင့် နိုင်ငံအတွက် ကြီးမားသောအန္တရာယ်များ ကျရောက်လာနိုင်သည်။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးကိုဆောင်ရွက်ရာတွင် အစိုးရတာဝန်ရှိသူ များအားလုံးတို့အပြင် ပြည်သူများကလည်း အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ဝိုင်းဝန်းကြိုးပမ်းတိုက်ဖျက်နှိမ်နင်းကြရမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံအတွက် ကြီးမားသောထိခိုက်နစ်နာမှုများဖြစ်စေနိုင်သဖြင့် ကမ္ဘာ့နိုင်ငံများက အလေးထားဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က “နိုင်ငံတကာဥပဒေများအရ သတ်မှတ်ထားသည့် တရားမဝင်ကုန်စည်များကို ထုတ်လုပ်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ပို့ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံရရှိခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းနှင့် အဆိုပါဆောင်ရွက်ချက်များကို အားပေးရန်ရည်ရွယ်သည့် မည်သည့်လုပ်ဆောင်မှုကိုမဆို တရားမဝင်ကုန်သွယ်မှု” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်လျှင် ကွင်းဆက်တောက်လျှောက် အားလုံးနှင့်အကျုံးဝင်ပတ်သက်သဖြင့် သတင်းအချက်အလက်ရရှိရေးနှင့် ပိုမိုအားကောင်းသည့် ပူးပေါင်းလက်တွဲဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်သည်။
တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် သတင်းအချက်အလက်ရရှိရေးသည် အရေးပါသည့်အတွက် သတင်းပေးသူများကို ဆုကြေးငွေမြန်မြန်ဆန်ဆန် ချီးမြှင့်ပေးပြီး သတင်းကွန်ရက်များ တည်ဆောက်ထားရန်နှင့် ရရှိသည့်သတင်း အချက်အလက်များကို အကျိုးရှိစွာ တားဆီးစစ်ဆေးအရေးယူရန်ဖြစ်သည်။ ထူးခြားဖြစ်စဉ်အဖြစ် သတင်းပေးနိုင်မှုကြောင့် ဖော်ထုတ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်များလည်းရှိသည်။
လုံခြုံရေးပိုင်းနှင့်ပတ်သက်ပြီး တာဝန်ကျနေရာဒေသအလိုက် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကိုမလိုလားသည့် ပြည်ဖျက်အကြမ်းဖက်သမားများ၏ အန္တရာယ်ကို မျက်ခြည်မပြတ်သတိပြုပြီး တာဝန်ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး သတိနှင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ကြရန်၊ ပြည်တွင်းသယံဇာတများ တရားမဝင်ထုတ်လုပ်နေမှုကို ထိထိရောက်ရောက်တားဆီး အရေးယူရန်၊ သတင်းအချက်အလက်များရရှိရေး သတင်းကွန်ရက်ချိတ်ဆက် တည်ဆောက်ရန်လိုပြီး ပြည်ပနိုင်ငံများနှင့်ဌာနဆိုင်ရာ အချင်းချင်းချိတ်ဆက်ပြီး အပြန်အလှန်သတင်းဖလှယ်ကြရန်၊ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရန် စသည်တို့ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌက မှာကြားထားသည်။
သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံအတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်၍ နိုင်ငံအကျိုးစီးပွား မဆုတ်ယုတ်စေရေးကို အလေးထားရှေးရှုပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် တာဝန်ကျဝန်ထမ်းများသာမက နိုင်ငံသူနိုင်ငံသားအားလုံးက အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။