Skip to main content

မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၄/၂၀၂၃) ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၄/၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းကဏ္ဍမှ အားဖြည့်ဆောင်ရွက်လျက်ရှိရာ စာရင်းပညာနှင့် စာရင်းလုပ်ငန်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်မှုများသည် အရေးပါသည့် လုပ်ငန်းရပ်များဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်သည့် အရည်အသွေးပြည့်ဝသော စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများ တိုးပွားလာရေး၊ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာရေးနှင့် အာဆီယံသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် အသင်းသားများအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တာဝန်ပေးလုပ်ငန်းများ၊ စစ်ဆေးမှုလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ရေး တိုက်တွန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစဉ်