Skip to main content

ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ ဖော်ထုတ်ခြင်း အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဖော်ထုတ်ခြင်း အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက် (၁) ချက်ဖြစ်သည့် လက်ငင်းရလဒ် (၁) “အဓိကနယ်ပယ်များရှိ ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိမှုတိုးတက်ကြောင်းပြသရန်” နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍများမှ နားလည်စေရန် ကျင်းပခြင်းဖြစ်ကြောင်း၊ ယင်းလက်ငင်းရလဒ် (၁) အား အဆင့်တိုးမြှင့်ရရှိစေရေးအတွက် သက်ဆိုင်ရာဘဏ်များက ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို နားလည်မှုရှိကြောင်း တင်ပြရန်နှင့် ကြီးကြပ်ရေးအာဏာပိုင်များ၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့များမှ Risk Assessment ဆောင်ရွက်ထားရှိမှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ လက်ငင်းရလဒ် (၁) နှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအာဏာပိုင်များ၊ သတင်းပို့အဖွဲ့အစည်းများအပါအဝင် တက်ရောက်လာသည့် အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ကောင်းမွန်သည့်ရလဒ်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှုခင်းဖြစ်စဉ်များကို လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုများ (ဩဇာတိက္ကမရှိသူများ အပါအဝင်) နှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင် ခြေဖော်ထုတ်ချက်များကိုလည်းကောင်း၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကုမ္ပဏီအဖွဲ့အစည်းများ (Legal Persons) နှင့် စပ်လျဉ်းသည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ချက်များကိုလည်းကောင်း၊ ပုဂ္ဂလိကဘဏ်ကြီးလေးဘဏ်တို့က၎င်းတို့၏ငွေကြေး ခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ ဖော်ထုတ်ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ သတင်းပို့အဖွဲ့အစည်းများက ပေးပို့လာသည့် သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်များအပေါ် စိစစ်တွေ့ရှိချက်များနှင့် ငွေကြေးခဝါချမှုစုံစမ်းစစ်ဆေးချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၂ ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အရာရှိကြီးများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ကြီးကြပ်ရေးအာဏာပိုင်များ၊ သတင်းပို့အဖွဲ့အစည်းများ၊ နိုင်ငံ ပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်