နေပြည်တော် ဒီဇင်ဘာ ၁၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်၌ ၁၀၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်နေသော ဘာဏကဆရာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာ ဥသျှစ်ကုန်းကျောင်းတိုက် သာသနာ့ဗိမာန်တော်၌ ကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သီရိမင်္ဂလာ ဥသျှစ်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယအား လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ပန်းပေါင်းစုံဗုဒ္ဓ ရုပ်ပွားတော်များနှင့် ဥပ္ပါတသန္တိပါဠိတော် ဝတ်ရွတ်စဉ် စာအုပ်များ နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် သုခဝိဟာရ သရက်ကုန်းကျောင်းတိုက်၌ ကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက်တွင် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပနေသကဲ့သို့ အလားတူ တစ်ချိန်တည်းတွင် ပုဗ္ဗသီရီမြို့နယ် အောင်စည်သာပရိယတ္တိစာသင်တိုက်နှင့် ဥတ္တရသီရိမြို့နယ် မြင့်ထူးသာကျောင်းတိုက်တို့တွင်လည်း အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ဆက်လက်ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံတွင် နိုဝင်ဘာ ၅ ရက်မှ စတင်၍ ၁၀၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်လျက်ရှိသည့်အပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၊ ဘုရားငါးဆူကျောင်းနှင့် ရွှေလွှမ်းတောင်ကျောင်းတို့၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ၁၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်