နေပြည်တော် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်များရှိ အကျဉ်းထောင်များမှ လွတ်ငြိမ်းခွင့်ရရှိသည့် စစ်သားဟောင်း ၁၅၀ ကို ကွင်းကောက်မြို့ရှိ အမှတ် (၅) တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ပြီး ရက်တိုသင်တန်းများ သင်ကြားပေးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် Ayeyarwaddy Times မှ သတင်းတု၊ သတင်းအမှားများ လူမှုကွန်ယက်စာမျက်နှာတွင် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကွင်းကောက်မြို့နယ်ရှိ သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်းနှင့် ယင်းကဲ့သို့ သင်တန်းများ ပို့ချခြင်းမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် တပ်မတော်အပေါ် အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ သတင်းတု၊ သတင်းမှားများကို လုပ်ကြံလိမ်လည် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
