Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ၊ အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲ အခမ်းအနားတက် ၊ ကြံခင်းမြို့နယ်၊ ဆောင်းနေကြာ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ယနေ့နံနက်ပိုင်းတွင် ဒီဇင်ဘာလူထုလှုပ်ရှား အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သေနတ်ပစ်ဖောက်၍ စုပေါင်းလမ်းလျှောက်ပွဲကို ဖွင့်လှစ်ပေးပြီး ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြ၍ ကိုးသိန်းအားကစားကွင်းသို့ ရောက်ရှိကာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical  Fitness dance များ အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဒီဇင်ဘာလ တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၅၀၀၀ ခန့် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် ပုသိမ်မြို့ ကိုးသိန်းမိုး လုံလေလုံအားကစားရုံ၌ ကျင်းပသည့် ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဒုတိယဆု ရရှိသည့် အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့်အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် မြန်အောင်ခရိုင် ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မိမိတို့နိုင်ငံ၊ မိမိဒေသ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အမွေအနှစ်များ၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် မိမိဒေသအတွင်းရှိ ပြည်သူလူထုသာမက နိုင်ငံသားတိုင်းအားလုံး တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ရင်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ တိုင်းဒေသကြီး၏အကျိုး၊ ပြည်ထောင်စု၏အကျိုးကို ထာဝစဉ်သယ်ပိုးနိုင်ပါစေကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်း‌ဆက်စကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ဆုတောင်း မေတ္တာပို့သကာ အတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ချင်းတိုင်းရင်းသူများ၏ တေးသီချင်းများ၊ ရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် အရှိုချင်းရိုးရာ​ကောက်သစ်စားပွဲ​တော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဒေသခံချင်းတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ ​နေ့လယ်စာ အတူတကွသုံး​ဆောင်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာ၌ တောင်သူ ဦးဇော်ခိုင်၏ စိုက်ဧက (ဒသမ ၅၀)ဧကတွင် ဆင်းရွှေကြာ (၂ ) ဆောင်းနေကြာစိုက်ပျိုးထားရှိမှု၊ တောင်သူဦးအေးထွန်း၏ စိုက်ဧက(၀ ဒသမ ၅၀)ဧက ဆင်းရွှေကြာ-၂ မိုးနေကြာ စိုက်ခင်းနှင့် တောင်သူ ဦးကြည်ညွန့်၏ စိုက်ဧက (၁ဒသမ ၅၀) ဧက၌  ဆင်းရွှေကြာ-၂ မိုးနေကြာ စိုက်ခင်းတို့၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးပြီး ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေးနှင့် စနစ်တကျရိတ်သိမ်းရေး မှာကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြန်အောင်ခရိုင်ရှိ ဒေသခံပြည်သူများနှင့် မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးစပါး/နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နိုင်ငံစီးပွားမြှင့်တင်ရေးနွေစပါးစီမံကိန်းသွင်းအားစုများကို မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ တောင်သူများအား ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ဒေသဖွံဖြိုးရေးရန်ပုံငွေဖြင့် မြန်အောင်မြို့နယ်၌ မီးလင်းရေးလုပ်ငန်းအတွက် ကျေးရွာအုပ်စုများသို့ ဆိုလာမီးများထောက်ပံ့ပေးအပ်ရာ ညောင်ဝိုင်းကျေးရွာအုပ်စုမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး မြန်အောင်မြို့နယ်မှ တောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြန်အောင်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပသော မြန်အောင်ခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး (MSMEs) ထုတ်ကုန်ပြပွဲ၌ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များ၏ ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှု၍ ဒေသထွက်ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး မှာကြားခဲ့သည်။

သတင်းစဉ်