စစ်တွေ ဒီဇင်ဘာ ၁၆
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ အားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၏ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၆၀၀) ကျော်ပါဝင် ဆင်နွှဲကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖွင့်လှစ်ပေးကြပြီး ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းလမ်းလျှောက်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကာ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။
စစ်တွေမြို့တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
