စစ်တွေ ဒီဇင်ဘာ ၁၅
(၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(ငြိမ်း) ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဂုဏ်ထူးဆောင်ဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းခံရသူများ တက်ရောက်ကြသည်။
သဝဏ်လွှာဖတ်ကြား
ရှေးဦးစွာအခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီးခတ်ကာ ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကပြဖျော်ဖြေ၍ ဖွင့်လှစ်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဖတ်ကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆု၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ရရှိကြသူများကို ဆုတံဆိပ်များချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်စီမံထူးချွန်ဆု (ပထမဆင့်)ရရှိသူသုံးဦးကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု (ပထမဆင့်)နှင့် ပြည်နယ်လူမှုထူးချွန်ဆု(ပထမဆင့်) ရရှိသူနှစ်ဦးကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပြည်နယ်လူမှုထူးချွန်ဆု (ပထမဆင့်) ရရှိသူနှစ်ဦးကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ပြည်နယ်လူမှုထူးချွန်ဆု(ပထမဆင့်) ရရှိသူနှစ်ဦးကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆုများပေးအပ်ချီးမြှင့်
ယင်းနောက် ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြည်နယ်စီမံထူးချွန်ဆု၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆု၊ ပြည်နယ်လူမှုထူးချွန်ဆု(ဒုတိယဆင့်)နှင့် (တတိယဆင့်)ရရှိသူများ၊ မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
(၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ပြည်နယ်စီမံထူးချွန်ဆု (ပထမဆင့်)သုံးဆု၊ (ဒုတိယဆင့်) ၁၅ ဆု၊ (တတိယဆင့်) ၃၀၊ ပြည်နယ်လယ်ယာ စီးပွားထူးချွန်ဆု(ပထမဆင့်)တစ်ဆု၊ (ဒုတိယဆင့်)ခြောက်ဆု၊ (တတိယဆင့်)လေးဆု၊ ပြည်နယ်လူမှုထူးချွန်ဆု (ပထမဆင့်)ရှစ်ဆု၊ (ဒုတိယဆင့်) ၁၀ ဆု၊ (တတိယဆင့်) ကိုးဆုနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ ၁၆၄ ဆု စုစုပေါင်း ၂၅၈ ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က မှိုဟင်းခူးဇောင်လား ကတ်မေတေးသီချင်းဖြင့်လည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ရခိုင့်ဘဝတေးသံတေးသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂုဏ်ထူးဆောင်ဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းခံရသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ပြခန်းများကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခိုင်သဇင်ခန်းမအတွင်း၌ (၄၉) နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ဂုဏ်ထူးဆောင်ဆုရရှိသူ များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
ရှင်းလင်းပြောကြား
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများက အနာဂတ်တွင် အလားအလာကောင်းသော ပြည်နယ်တစ်ခုဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးကဏ္ဍများနှင့်ပတ်သက်၍ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်