Skip to main content

တိုင်းပြည်နှင့်ပြည်သူအတွက် မှန်ကန်မျှတသည့်ရွေးကောက်ပွဲများဖြစ်စေရေး ဥပဒေနှင့်အညီကြိုးစားဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၅

တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက သင်တန်းသူ သင်တန်းသားများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သင်တန်းမှပို့ချခဲ့ပြီးဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းများကို သိရှိပြီးကြမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာနေရာသို့ရောက်ရှိပါက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်ဆောင်ရွက်ကြရန်နှင့် မသိရှိသည်များကို အတွေ့အကြုံရှိသူများထံ မေးမြန်းသင်ယူကြရန်လိုကြောင်း။

ရွေးကောက်ပွဲများသည် နိုင်ငံအတွက်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းအပေါ်၌ ဂုဏ်ယူတတ်ရန်နှင့် အခက်အခဲများကြုံတွေ့ပါက နိုင်ငံတော်နှင့်ပြည်သူအတွက် အောင်မြင်အောင်ကြိုးစားဆောင်ရွက်မည်ဆိုသည့် စိတ်ဓာတ်နှင့်ဇွဲလုံ့လရှိရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် မှန်ကန်မျှတသည့် ရွေးကောက်ပွဲများဖြစ်စေရေး ဥပဒေနှင့်အညီ ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ၂၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်