ဒီနေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ကျွန်တော်ယခင်နေ့ကပြောထားတဲ့အတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာဖြစ်နေတဲ့ ပဋိပက္ခများနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ နယ်မြေငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် ကူညီမှုရှိခဲ့ပါတယ်။ ဒီကူညီမှုနဲ့ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက်ဆောင်ရွက်ခဲ့တယ်၊ သဘောတူခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီလိုထုတ်ဖော်ပြောကြားပြီး နောက်ပိုင်းမှာတော့ ထုံးစံအတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးကိုမလိုလားတဲ့ အနောက်အုပ်စုမီဒီယာများနဲ့ အနောက်အုပ်စုအားကိုးအဖွဲ့များရဲ့ ဝေဖန်ချက်တွေ၊ အင်တာဗျူးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအဖွဲ့တွေက ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ။ သူတို့အနေနဲ့ကတော့ ဘယ်တော့မှ မြန်မာနိုင်ငံငြိမ်းချမ်းမှာကို လိုလားမှာမဟုတ်ပါဘူး။ တရုတ်-မြန်မာ နယ်စပ်ဒေသငြိမ်းချမ်းမှာကို လိုလားမှာမဟုတ်ပါဘူး။ တရုတ် - မြန်မာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို ဘယ်တော့မှလိုလားမှာမဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန်ချက်အမျိုးမျိုးနဲ့ ထုတ်လွှင့်နေတာမျိုးကိုတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံအပေါ်မှာရော၊ တရုတ်နိုင်ငံအပေါ်မှာရော ဝေဖန်မှုပြင်းပြင်းထန်ထန်လုပ်နေတာကို တွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင် မြန်မာ့ကောင်းကျိုး၊ မြန်မာ့ငြိမ်းချမ်းရေးအကျိုးကိုလိုလားတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံး ပြန်လည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပေါ်မှာပဲ မူတည်ပြီး ဦးတည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မည်သို့သော တိုက်ခိုက်မှုတွေရှိပါစေ၊ မည်သို့သော ဝေဖန်မှုတွေရှိပါစေ အဓိကကတော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေ ငြိမ်းချမ်းစွာနေထိုင် နိုင်ဖို့ပဲအရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေ အေးချမ်းစွာနေထိုင်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ တိုက်ပွဲတို့၊ စစ်ပွဲတို့ဆိုတဲ့ ပဋိပက္ခတွေကို အဲဒီဒေသမှာနေတဲ့ တိုင်းရင်းသားပြည်သူ၊ အဲဒီဒေသမှာနေတဲ့ သူတွေကပိုပြီးအနိဋ္ဌာရုံခံစားရတာဖြစ်ပါတယ်။ ပြည်ပကနေအော်နေတဲ့ အနောက်နိုင်ငံအားကိုးပြီး ပြည်ပမှာထွက်ပြေးနေတဲ့သူများကတော့ အရိပ်ထဲကနေ အော်နေတာပဲဖြစ်ပါတယ်။ တကယ့်လက်တွေ့ခံစားနေရတာက ကျွန်တော်တို့ပြည်သူတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဒေသမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ ထီးချိုင့်ဘက်မှာထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပါတယ်။ ထီးချိုင့်ဘက်မှာ သူတို့အခြေပြုပြီးတော့ ထီးချိုင့်မြို့ကို အမြဲတမ်းတိုက်ခိုက်နေတဲ့ ရန်သူ့အခြေပြုနေရာတစ်ခုကို ကျွန်တော်တို့သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ဆက်လက်ပြီးဆောင်ရွက်ရမယ့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆက်လက်ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရ၊ ငြိမ်းချမ်းရေးရဲ့အကျိုးရလဒ်၊ ငြိမ်းချမ်းရေးနဲ့အတူပါလာမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံးကို ခံစားနိုင်အောင်ဦးတည်ပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
