နေပြည်တော် ဒီဇင်ဘာ ၁၅
(၇၆)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်အရှင်မြတ်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များအား နာယူကြသည်။
ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
