Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပင်လောင်းမြို့နယ်နှင့် ကလောမြို့နယ်များအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ နောင်မွန်းကျေးရွာသို့ သွားရောက်ကာ ရွှေတက်တိုးသမဝါယမအသင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခြံလှောင်စနစ်ဖြင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နွားစာအတွက် အဲဗားဂရင်းမြက်မျိုးများ တိုးချဲ့စိုက်ပျိုးရန်၊ နိုင်ငံခြားမျိုးများ သားစပ်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ စိတ်တူကိုယ်တူ ဆန္ဒတူသူများစုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန် မှာကြားကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ခြံလှောင်စနစ်ဖြင့် စုပေါင်းနွားမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်တရားမြို့ရှိ နောင်တရားအာလူးစိုက်ပျိုးရေး၊ အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ အာလူးစက်ရုံလည်ပတ်နေမှုနှင့် အာလူးမျိုးများအအေးခန်းတွင် သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိရေးဆွေးနွေးပြောကြားကာ အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စက်ရုံအတွင်း စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုနှင့် သဘာဝမြေဩဇာထုတ်လုပ်မှု၊ တစ်သျှူးကာချာနည်းဖြင့် အားလူးမျိုးထုတ်လုပ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်းရွာသစ်ကျေးရွာအပါအဝင် ကျေးရွာခြောက်ရွာရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက ၁၅၀၀ ကို အကျိုးပြုပေးနိုင်မည့် ဘော်နင်းရွာသစ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ  ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ညောင်ကုန်း-လက်မောင်းကွေးလမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး မှာကြားကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)