Skip to main content

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စက်သုံးဆီ ဦးစားပေးရောင်းချထုတ်ပေးနေ၍ နယ်ဒေသများတွင် စက်သုံးဆီမရတော့ဘဲ စက်သုံးဆီဆိုင်များ ပိတ်ထားရဟု ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၅

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စက်သုံးဆီများ ဦးစားပေးရောင်းချထုတ်ပေးနေ၍ နယ်ဒေသများတွင် စက်သုံးဆီမရတော့ဘဲ ဆီများစတင်ပြတ်တောက်နေသည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူများ စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်လာစေရေး သတင်းအမှားများ ထုတ်လွှင့်လျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီ ပုံမှန်လိုအပ်လျက်ရှိသည့် ပမာဏအတိုင်း စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လက်ရှိပြည်တွင်းစက်သုံးဆီလက်ကျန်နှင့် ပြည်ပမှမှာယူထားသည့် စက်သုံးဆီများ စဉ်ဆက်မပြတ် ဆက်လက်ဝင်ရောက်လျက်ရှိရာ နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်နိုင်မှုအခြေအနေမရှိပါကြောင်းနှင့် အများပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုဘဲ စက်သုံးဆီများကို မိမိတို့လိုအပ်သလောက် စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတဝန်းရှိ စက်သုံးဆီဆိုင်ကြီးများသို့ စက်သုံးဆီဖြည့်တင်းသည့် ဆီတင်ယာဉ်(Bowser) မရောက်ရှိမီ ခေတ္တအချိန်ပိုင်းအတွင်း စက်သုံးဆီအရောင်းရပ်တန့်သွားရသည့် အခြေအနေအပေါ် ကောလာဟလသတင်းများကို အချိန်ကိုက် ဝါဒဖြန့်လှုံ့ဆော်မှုများကြောင့် အများပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်လျက်ရှိသော ကောလာဟလသတင်းများကို အယုံအကြည်မရှိကြရန်နှင့် စိုးရိမ်ပူပန်မှုမရှိစေရေးအတွက် နိုင်ငံတော်မှ ပြည်တွင်း စက်သုံးဆီလိုအပ်ချက်ပမာဏအတိုင်း စဉ်ဆက်မပြတ် တင်သွင်းရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။