နေပြည်တော် ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အခြေခံပညာကျောင်းများနှင့် အထက်တန်းကျောင်းတို့တွင် ကျောင်းသားများ မူးယစ်ဆေးသုံးစွဲနေသော်လည်း ကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမများမှ တားဆီးနိုင်ခြင်းမရှိသည့်အပြင် ကျောင်းအတွင်း မူးယစ်ဆေးရောင်းဝယ်မှုများ ပြုလုပ်နေကြောင်း ဟင်္သာတမြို့နယ် ဒေသခံများထံမှ သိရှိရဟု သတင်းတု၊ သတင်းမှားများအား ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် သက်ဆိုင်ရာမြို့နယ်ရှိ ပညာရေးဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် မိဘဆရာအသင်းတို့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ “မဟုတ်မမှန်သတင်းဖော်ပြမှုဖြစ်ကြောင်းနှင့် ၎င်းသတင်းတု၊ သတင်းမှားအား အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကျောင်းသားမိဘများအား အသိပေးဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” သိရှိရသည်။
ကျောင်းများတွင် အုပ်ချုပ်ရေးဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းလျက် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေး ပန်းချီကားများ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသမှုများအပါအဝင် အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ ဖုန်းယူဆောင်ခြင်းများကို ကျောင်းစည်းကမ်းများတွင် ထည့်သွင်းတားမြစ်ဖော်ပြထားပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိရာ အရေးယူဆောင်ရွက်ခဲ့ရခြင်းမရှိကြောင်း၊ အလားတူ ရပ်ကွက်များအတွင်း၌လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ရခြင်းမျိုး မရှိကြောင်း သိရှိရပါသည်။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများမှ မီဒီယာကို အကြမ်းဖက်လက်နက်သဖွယ် အသုံးချကာ သတင်းတု၊ သတင်းမှားတွေကို ရေးသားဖော်ပြလျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
