နေပြည်တော် ဒီဇင်ဘာ ၁၅
နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ကျယ်ပြန့်စွာ သိရှိနားလည်နိုင်စေရန်နှင့် LNG ကို အကျိုးရှိစွာအသုံးချခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာစေရန်ကို ရည်ရွယ်ကာ စွမ်းအင်ဖူလုံရေးနှင့် သဘာဝဓာတ်ငွေ့ရည်၏အခန်းကဏ္ဍ (Energy Security and The Role of Liquefied Natural Gas – LNG) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြင်ပပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ဖူလုံရေး (Energy Security)သည် အရေးကြီးပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံချက်များချမှတ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိမိမိတို့နိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေအား၊ ကျောက်မီးသွေး၊ နေရောင်ခြည်နှင့် ဇီဝလောင်စာတို့ကို အသုံးပြုနေကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အဓိကစွမ်းအင်အရင်းအမြစ်ဖြစ်သည့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အစားထိုးသုံးစွဲရန်နည်းလမ်းများ စဉ်းစားရန်လိုအပ်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG)ကို Energy Mix အနေဖြင့် အချိုးအစားတစ်ခု ရောစပ်အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ စွမ်းအင်လုံခြုံမှုကို အထောက်အကူပြုနိုင်မည့် အခြေအနေများကို တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးမြှင့်စေရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရေးအတွက် အားပေးအားမြှောက်ပြုလျက်ရှိရာ အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်မှာ အရှိန်အဟုန်ဖြင့် တိုးမြင့်လာမည်ဖြစ်သဖြင့် သဘာဝဓာတ်ငွေ့ရည်(LNG)သည် နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းရန် အရေးပါသည့်အခန်းကဏ္ဍအဖြစ် ရောက်ရှိလာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် လိုအပ်သည့်မူဝါဒများ၊ အခြေခံအဆောက်အဦများ လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင်ချမှတ်နိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော LNG ကို တင်သွင်းအသုံးပြုရာတွင် လိုက်နာရမည့် Standard Code များ သတ်မှတ်သင့်သည့်အခြေအနေ၊ အနာဂတ် LNG demand & Supply အခြေအနေ LNG တင်သွင်းနိုင်ရေးဖြစ်နိုင်ခြေနှင့်ပတ်သက်၍ GDP နှင့်စွမ်းအင်သုံး စွဲမှုချိတ်ဆက်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦများ (Infrastructure) လိုအပ်မှုအခြေအနေ၊ ကမ္ဘာ LNG ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ၊ ဒေသတွင်း LNG ဈေးကွက်အခြေအနေ၊ မြန်မာနိုင်ငံတွင် LNG တင်သွင်းပါက Market Rule နှင့် Price Mechanism သတ်မှတ်ရန်လိုအပ်မှုအခြေအနေ၊ မိမိတို့နိုင်ငံအတွင်း LNG Infrastructure များ တည်ဆောက်ထားရှိမှုအခြေအနေ၊ LNG မှ Cold Energy (အအေးစွမ်းအင်)ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်မှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့်အခြေအနေ၊ မော်တော်ယာဉ်သုံးဖိအားမြှင့်သဘာဝဓာတ်ငွေ့(Compressed Natural Gas – CNG) များ တိုးမြှင့်သုံးစွဲနိုင်ရန် အထောက်အကူပြုမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ အနာဂတ်စွမ်း အင်စီမံခန့်ခွဲမှုတွင် LNG ကဏ္ဍ၏ အရေးပါနိုင်မည့် အခြေအနေများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပညာရှင်က LNG သုံးစွဲခြင်းကြောင့် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှုအခြေအနေ၊ အကျိုးအပြစ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အနာဂတ်မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ရည်(LNG) တင်သွင်းအသုံးပြုခြင်းသည် အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ LNG နှင့်ပတ်သက်သည့် နည်းပညာနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရန်လိုပါကြောင်း၊ ဆက်စပ်လုပ်ကိုင်ရမည့် ဌာနများနှင့်လည်း စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကို အသုံးချ၍ စွမ်းအင်ဆိုင်ရာရေရှည်အစီအမံများ ချမှတ်သွားရမည်ဖြစ်ကြောင်း မှာကြားပြီး တက်ရောက်ဆွေးနွေးသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)