နေပြည်တော် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း အောက်တိုဘာ ၂၇ ရက်မှစ၍ MNDAA၊ TNLA၊ AA အဖွဲ့တို့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များ ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သောကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်လျက်ရှိသည်။ အဆိုပါ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရန် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့မှဦးဆောင်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထောက်ပံ့ပေးအပ်
ထိုသို့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ လားရှိုးမြို့ရှိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များ၌ လာရောက်တည်းခိုနေထိုင်လျက်ရှိပြီး လားရှိုးမြို့ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် တပ်မတော်သား မိသားစုဝင် ကျောင်းသား ကျောင်းသူ ၅၆ ဦး အတွက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးမှ ထောက်ပံ့ပေးအပ်သည့် ကျောင်းဝတ်စုံများ၊ ကျောပိုးအိတ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းသုံးပစ္စည်းများကို တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
