Skip to main content

ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများထိန်းသိမ်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၄

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (စတုတ္ထအကြိမ်) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အကောင်အထည်ဖော်

ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိုင်ငံ၏ပင်လယ်ကမ်းရိုးတန်း သယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် ဗဟိုကော်မတီကို အပ်နှင်းထားသည့် တာဝန်ဝတ္တရားများနှင့်အညီ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကဏ္ဍများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်များအဖြစ် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ် (Integrated Coastal Management-ICM) အပြီးသတ်ရေးသားနိုင်ခဲ့မှု၊ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့မှု၊ ပင်လယ်ပြင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ (Marine Pollution Control Law)အား အပြီးသတ်ရေးသားနိုင်ခဲ့မှု၊ အဏ္ဏဝါဂေဟစနစ် တန်ဖိုးမြင့်မားပြီး ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသည့် နေရာများကို ငါးမဖမ်းရနယ်မြေများသတ်မှတ်နိုင်ခဲ့မှု၊ ပင်လယ်ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့မှုတို့ကို ဌာနများအားလုံး၏ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၂၈၀၀ ကီလိုမီတာကျော် ရှည်လျားပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများနှင့် ရေထွက်သယံဇာတ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရေရှည်ထုတ်ယူနိုင်မည့် အလားအလာကောင်း များရှိခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်များ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများရှိခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်းအတွက် အချက်အချာကျပြီး နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းများ ဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေနှင့်ကျွန်းများရှိပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးနိုင်ခြင်း၊ ကမ်းရိုးတန်းနေ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏စုံလင်သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းစသည့် အခွင့်အလမ်းများစွာကို ဖော်ထုတ်အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်လည်း ဖြစ်ပါကြောင်း။

ထိုသို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများစွာရှိသကဲ့သို့ တစ်ဖက်တွင်လည်း စိန်ခေါ်မှုများအနေဖြင့် မြန်မာနိုင်ငံ၏ အဏ္ဏဝါဇီဝမျိုးစုံ မျိုးကွဲများ၊ သန္တာကျောက်တန်းများ၊ ဒီရေတောများ၊ ပင်လယ်မြက်ခင်းများ၊ ငါးပုစွန် ရေထွက်သယံဇာတများ ယိုယွင်းလျော့နည်းမှုများ ကြုံတွေ့နေရခြင်း၊ အစားအစာလုံခြုံစိတ်ချမှုများ လျော့ပါးလာခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လျော့နည်းလာခြင်းတို့ကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း။

ထို့ပြင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်းနှင့် ယခု မေ ၁၄ ရက်တွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်စသည့် ကမ်းရိုးတန်းဒေသများတွင် ဆုံးရှုံးမှုများနှင့် တွေ့ကြုံခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်ကအထူးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်း ဒေသများဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအစီအမံများကိုစနစ်တကျရေးဆွဲပြီး ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် ရေရှည်အတွက်အကျိုးရှိသည့် ကြိုတင်ကာကွယ် ရေးအစီအမံများ ဖော်ထုတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုး တန်းသယံဇာတများ စီမံအုပ်ချုပ်ခြင်းအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြဋ္ဌာန်းဆောင် ရွက်ပြီးဖြစ်သကဲ့သို့ ခေတ်ကာလအလိုက်လိုအပ်သည့် ဥပဒေ၊ မူဝါဒအသစ်များကို ရေးဆွဲဖော်ထုတ်လျက်ရှိပါကြောင်း၊ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသ ဥပဒေစိုးမိုးရေးနှင့် အသိပညာပေးလုပ်ငန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့က မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂက ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်လျက်ရှိရာ အာဆီယံနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများက “အပြာရောင်စီးပွားရေး (Blue Economy)” သဘောတရားများ ဖော်ထုတ်အကောင်အထည်ဖော် ဆောင်ရွက်လာကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အပြာရောင်စီးပွားရေးဆိုင်ရာ ကြေညာချက် “ASEAN Leader’s Declaration on Blue Economy” ကို ထုတ်ပြန်ခဲ့ပြီး အာဆီယံအပြာရောင် စီးပွားရေးဆိုင်ရာ မူဘောင် “ASEAN Blue Economy Framework” ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအပြာရောင် စီးပွားရေးမူဘောင်တွင် ပင်လယ်ကမ်းရိုးတန်းဆိုင်ရာ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ သယံဇာတများ ထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်ရေးကဏ္ဍ၊ ပင်လယ်ကမ်းရိုးတန်း နှင့် အဏ္ဏဝါဆိုင်ရာကဏ္ဍများကို ဦးတည်ချက်ထားပြီး ရေးဆွဲထားရှိခဲ့ပါကြောင်း။

အပြာရောင်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများနှင့် အစီအမံများဖော် ထုတ်ဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုသာ ဦးတည်ခြင်းမျိုးမဟုတ်ဘဲ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ထိန်းသိမ်းခြင်းနှင့် စနစ်တကျ ထုတ်ယူအသုံးပြုခြင်းကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည့် မူဝါဒ၊ အစီအမံများပေါ်ထွက်လာစေရေး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါ သယံဇာတများ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဒေသတွင်းအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင်ရေရှည်တည်တံ့ခိုင်မြဲစေရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကိုလည်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီ၏လုပ်ငန်း ဆောင်ရွက်တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် (ရေ)၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ်များ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်