နေပြည်တော် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲနယ်မြေ မူယာပင်ရပ်၊ နယူးဒေးဆီဆိုင်အနီးရှိ ငွေလွှဲ၊ ငွေထုတ်ဆိုင်တစ်ခုကို ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် တပ်မတော်သားဗိုလ်ကြီးတစ်ဦးနှင့်အဖွဲ့က လာရောက်ဓားပြတိုက်ခဲ့ကြောင်း၊ အဆိုပါ တပ်မတော်သားဗိုလ်ကြီးတစ်ဦးနှင့်အဖွဲ့သည် အင်းမမြို့အခြေစိုက် အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်မှဖြစ်ကြောင်း သတင်းတု၊ သတင်းအမှားများအား လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်မဌာနချုပ်မှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းမှုနှင့် တပ်တွင်းသတင်းအရင်းအမြစ်များအရ မှန်ကန်မှုမရှိကြောင်း သတင်းတု၊ သတင်းအမှားများသာဖြစ်ကြောင်း သိရှိရပါသည်။
တပ်မတော်သည် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ကာကွယ်စောင့်ရှောက်လျက်ရှိရာ ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်၏ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တပ်မတော်သားများအပေါ် ဒေသခံပြည်သူများမှ အထင်အမြင်လွှဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများအား လုပ်ကြံရေးသား၍ နေ့စဉ်ထုတ်လွှင့်လျက်ရှိခြင်း၊ နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာမည်ကို လိုလားမှုမရှိသည့်အတွက် ပြည်သူများအား မဟုတ်မမှန် သတင်းများဖြင့် ကြောက်ရွံ့ထိတ်လန့်လာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။