နေပြည်တော် ဒီဇင်ဘာ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာ အုပ်စုနားကုန်းကျေးရွာ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကြပြီး ဦးစွာရှမ်းသက္ကရာဇ် ၂၁၁၈ ခု နှစ်သစ်ကူးပွဲတော်ကြိုဆိုပွဲကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် ဟိုမိန်းပြည်သူ့စစ် အဖွဲ့ဥက္ကဋ္ဌ ဦးမဟာဂျာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဆက်လက်၍ စိတ္တသုခသုံးထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်း ကျောက်စာကို အမွှေးနံ့သာများပက်ဖျန်း၍ ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းနှီးခင်မင်စွာ တွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် စိတ္တသုခသုံးထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ရှမ်းသက္ကရာဇ် ၂၁၁၈ ခု နှစ်သစ်ကူးပွဲတော် ကြိုဆိုပွဲ၊ (၂၃) ကြိမ်မြောက် ဓမ္မစကူးလ်သင်တန်း ဆင်းပွဲနှင့် ဆုပေးပွဲအခမ်း အနားများကို ဆက်လက်ကျင်းပရာ လင်းခေးမြို့မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရက သြဝါဒစကားမိန့်ကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကားများ ပြောကြားကြသည်။
အခမ်းအနားတွင် သာသနာလင်္ကာရဘွဲ့ရ အရှင် ကုသလာလင်္ကာရအား ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်ပြီးပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က သင်တန်းများတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လင်းခေးမြို့နယ် ဝမ်တိန်းကျေးရွာ နမ့်တိန်းချောင်း ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေး Pilot Project လုပ်ငန်းဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ဆောင်းရာသီအမီသီးနှံများ စိုက်ပျိုးနိုင် ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ် နမ့်တွန်း ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကျောင်းဝင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် လင်းခေးမြို့အနီး တည်ဆောက်ဆဲ နမ့်တိန်းချောင်းကူး ပေ ၂၅၀ ဘေလီတံတားကို လည်းကောင်း၊ နမ့်တိန်းချောင်း အရှေ့ဘက်ကမ်းရှိ ဟိုတင့်- နမ့်အွန် ကျေးရွာချင်းဆက် ၂/၄ မိုင် မြေလမ်း ဖောက်လုပ်နိုင်ရေးလုပ်ငန်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု/ ပြည်နယ် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် လင်းခေးမြို့နယ် နောင်လုံအုပ်စု ဒါးဆိပ်- နောင်လုံ- ပန်ကျင်- ဝမ်စစ်- ဟိုက်ကွေ့ လမ်းမကြီးမှ ပန်ကျင်-ဟတ်မိုင်-နောင်ခေါက် ကျေးရွာသွားလမ်း ၁/၃ မိုင် အပြီးသတ် ကျောက်ခင်းခြင်းနှင့် Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၏ တောင်းဆိုချက်များအရ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လင်းခေးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး လိုအပ်သည်များမှာကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့သည် နမ့်စန်ခရိုင် နမ့်စန်မြို့နယ် ပန်လင်းဆိုင်-ဝမ်ပိန်း ၃/၃ မိုင် ကတ္တရာလမ်းပိုင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေး၍ လွိုင်လင်မြို့သို့ ဆက်လက်ဖောက်လုပ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လုံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ပင်လုံမြို့ကျက်သရေဆောင် မဟာရဋ္ဌာဘိသာမဂ္ဂီ ရွှေတိဂုံပုံတူစေတီတော်ရင်ပြင် ကျောက်ပြားအသစ်လဲလှယ်ခြင်း၊ စေတီတော်လိုဏ်ဂူအတွင်း အမိုးမျက်နှာကြက် ဆေးသုတ်ခြင်း၊ မီးတပ်ဆင်ခြင်း၊ ရက္ခိတဗိမာန်တော် လျှောက်လမ်းမျက်နှာ ကြက်တပ်ဆင်ခြင်းနှင့် မီးတပ်ဆင်ခြင်းလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွိုင်လင်မြို့နယ် လွိုင်လင် - ပင်လုံ - လဲချား- ပြည်ထောင်စုလမ်းမကြီးမှ သဘာဝတရားရိပ်သာ ပရဟိတသီလရှင်ကျောင်းတိုက် အဝင်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ထပ်မံ ဆောင်ရွက်ရန် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မိုင်းပွန်မြို့အနီး ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေး Pilot Project လုပ်ငန်းနှစ်ခု ဆောင်ရွက်ပြီးစီးမှုနှင့် မိုးသီးနှံ၊ ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးခြင်းကြောင့် ဝင်ငွေတိုးပွားလာသည့်အတွက် တောင်သူများက ဆက်လက်ဆောင်ရွက်ပေး ရန် တောင်းဆိုလာသည့် ချောင်းရေတင်စိုက်ပျိုးရေး Pilot Project လုပ်ငန်းနှစ်ခုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးတို့သည် တောင်သူများအား အားပေး စကားပြောကြားကာ သီးထပ်စိုက်ပျိုးရန် စပါးမျိုးစေ့၊ ဂျုံမျိုးစေ့၊ ပဲပုပ်မျိုးစေ့များကို ပေးအပ်ခဲ့ကြသည်။
သတင်းစဉ်

 
 
  
  
  
 