နေပြည်တော် ဒီဇင်ဘာ ၁၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၁ ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့် ကျောက်စိမ်းဟုယူဆရသော လက်စွပ် ၂၆ ကွင်း၊ ပုတီးဆွဲကြိုး ၁၆ ခု အပါအဝင် လက်ဝတ်ရတနာ ၁၇ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၇၅၀၀၀) ကို လည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Gano Fresh သွားတိုက်ဆေးဘူး ၆၀၀၊ Gano Cafe' ကော်ဖီမှုန့် ၂၁၆ ဘူး၊ ဖြည့်စွက်စာ Scotts Cool Liver Oil ၇၈ ကီလိုဂရမ်၊ Cuka Kayu Asli စိုက်ပျိုး ရေးသုံး ပိုးသတ်ဆေး ၁၂ ကီလိုဂရမ်၊ စားပွဲတင်ပန်ကာ အလုံး ၄၀၀ အပါအဝင် ကုန်ပစ္စည်း ၃၄ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၀၅၀၀၀၀) ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ် (သွင်းကုန်)၌ ဝန်စည်များ အတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် CHNT 250V 6KA Breaker ၄၂၀၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၆၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၂၂၈၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်လျက်ရှိ
ထို့အပြင် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် ဥက္ကံမြောက်(၂)နယ်မြေ၌ တရားမဝင် အခြားသစ် ၆ ဒသမ ၈၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၈၇၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိမှု အမှုတွဲ ၁၁ မှု
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၅၂၅၂၃၇၇၀ ဖြစ်ကြောင်းတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်

 
 
  
  
  
 