စာများများ ဖတ်ပါ၊ စာများများရေးပါ၊ ရေးတဲ့စာတွေ မှန်သမျှ တိုင်းပြည်ကို အကျိုးပြုတဲ့၊ လူငယ်အကျိုးပြုတဲ့ စာတွေဖြစ်ရင် ပိုပြီးတော့ ရေးရကျိုးနပ်တာပေါ့၊ အဲဒီလိုပဲဖြစ်စေချင်တယ်
ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)
၁၃၈၅ ခုနှစ် နတ်တော်လဆန်း (၁)ရက်တွင်ကျရောက် သည့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေပညာရှင် ကြီးများ ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ် သက်တာဆုလေးဆု၊ အမျိုးသားစာပေဆု ၁၁ ဆုနှင့် စာပေဗိမာန်စာမူဆု ၂၉ ဆု ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ ဆုရစာပေပညာရှင်ကြီးများ၏ ဝမ်းမြောက်ပီတိစကားနှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် လမ်းညွှန်အမှာစကားများအား မြန်မာ့ အလင်းမှ တွေ့ဆုံမေးမြန်း စုစည်းဖော်ပြအပ်ပါသည်။
ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)
၂၀၂၂ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင်
ဒီနေ့ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားကတော့ စာပေပညာရှင်တွေ၊ စာရေးဆရာတွေကို အားတက်စေတယ်၊ သေသေချာချာ ပြင်ဆင်ထားတဲ့ အခမ်းအနားကြီးကလည်း တော်တော်လေးကို ပြည့်ပြည့်စုံစုံ ရှိပါတယ်။ စာရေးရတဲ့ သူတွေအတွက် ဘယ်လိုပဲဖြစ်ဖြစ် အားဆေးတစ်ခွက်ပါပဲ။ လူငယ်တွေအနေနဲ့ စာပေကို တော်တော်များများ စိတ်ဝင်စားတာ တွေ့ရပါတယ်။ ဒီဘက်ခေတ်မှာ Print Media စာအုပ်ကအထွက် နည်းတယ်။ တချို့ကျတော့ Social Media၊ Facebook စတာတွေကို သုံးကြတာများတယ်။ အခုဆိုရင် တည်းဖြတ် မွမ်းမံပေးတဲ့ အယ်ဒီတာပိုင်း ပျောက်သွားတယ်။ အဲဒီလို အယ်ဒီတာကဏ္ဍ ပျောက်သွားတဲ့အခါ တချို့စာတွေကျတော့ တိမ်းတာလေးတွေ၊ လွဲတာလေးတွေ ပါတတ်တယ်။ တကယ့် အယ်ဒီတာကောင်းတွေဆီကနေ ဖြတ်သန်းတယ်ဆိုရင်တော့ အပြစ် ကင်းစင်တာပေါ့။ စာများများဖတ်ပါ။ စာများများရေးပါ။ ရေးတဲ့စာတွေ မှန်သမျှကလည်း အဓိကအားဖြင့် တိုင်းပြည်ကို အကျိုးပြုတဲ့၊ လူငယ်အကျိုးပြုတဲ့စာတွေ ဖြစ်ရင်ပိုပြီးတော့ ရေးရကျိုး နပ်တာပေါ့။ အဲဒီလိုပဲ ဖြစ်စေချင် တယ်။ ဆရာမကြီးရခဲ့တဲ့ စာပေထူးချွန်ဆုတွေ အနေနဲ့ကတော့ ၁၉၈၁ ခုနှစ်မှာ ပထမဆုံးထုတ်တဲ့ စံပယ်တစ်ကုံး ဂမုန်းတပွင့် လက်ရွေးစင်ဝတ္ထုတိုများ စာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့တယ်။ အဲဒီဆုချီးမြှင့်ခံရတဲ့ အချိန်မှာအလွန်ပဲ အားတက်သွားပါတယ်။ နောက်ဒုတိယတစ်ကြိမ်က ၂၀၀၃ ခုနှစ်မှာ ရွှေတံခါးကြီး ဖွင့်ပါဦးနှင့် အခြားပြဇာတ်များ စာအုပ်နဲ့ အမျိုးသားစာပေဆု၊ တတိယ တစ်ကြိမ်က ၂၀၀၈ ခုနှစ်မှာ သိင်္ဂါရ ရသဝတ္ထုတိုပေါင်းချုပ်နဲ့ အမျိုး သား စာပေဆုသုံးကြိမ်ရခဲ့တယ်။ နောက်ထပ်ကတော့ ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှစာပေ ဝတ္ထုတို ဆုကိုရခဲ့ပါတယ်။ အခု လတ်တလော စာပေလှုပ်ရှားမှုအနေနဲ့ ကတော့စာရေးတဲ့ အတတ်ပညာ၊ ဟောပြောတဲ့ အတတ်ပညာ၊ ကဗျာရေးတဲ့ အတတ်ပညာ၊ စာရေးသူထားရမယ့် စိတ်နေသဘောထား၊ ကျင့်ဝတ်သိက္ခာ စတာတွေကိုရခဲ့တဲ့ ဆရာမကြီးရဲ့ လက်ဦးဆရာလို့ ပြောလို့ရတဲ့ ကိုလိုနီခေတ်က စာရေးဆရာကြီး ရန်အောင်ရဲ့ (၁၁၉) နှစ်ပြည့် အထိမ်းအမှတ် ပူဇော်ကန်တော့တဲ့အနေနဲ့ စာအုပ် လေးတစ်အုပ်မကြာမီမှာ ထွက်ပါမယ်။ ကျေးဇူးတင်ပါတယ်။
ဦးချစ်စံ(ချစ်စံဝင်း)
၂၀၂၂ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင်
အသက် ၈၀ ကျော် ကာလအထိ စာပေသမိုင်းတစ်လျှောက်မှာ အခုလို ခမ်းနားကြီးကျယ်တဲ့ အခမ်းအနားမျိုး မတွေ့ခဲ့ဖူးသေးဘူး။ ဒါကြောင့်မို့ ဒီအခမ်းအနားဟာ စာပေပညာရှင်တွေအတွက် ဝမ်းမြောက်ဂုဏ်ယူစရာပါ။ ဆုရတဲ့ စာပေပညာရှင်တွေ အားလုံးအတွက် ဝမ်းသာဂုဏ်ယူပါတယ်။
မောင်ငြိမ်းသူ (ကြို့ပင်ကောက်)
စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်
ကျွန်တော်တို့ စာတွေအများ ကြီးဖတ်ပြီးတော့ အမျိုးသားစာပေ တစ်သက်တာဆုလေးဆု၊ အမျိုး သား စာပေဆု ၁၁ ဆု၊ ဘာသာရပ် ၁၃ မျိုးအတွက် စာပေဗိမာန်စာမူ ဆု ၂၉ ဆု ရွေးချယ်ခဲ့ပါတယ်။ ဒီနေ့ စာပေဆုနှင်းပွဲကြီးကတော့ ကျွန်တော်တို့ စာရေးဆရာတွေ အားလုံးအတွက် နေ့ထူးနေမြတ်ပါ။ စာရေးဆရာ စာပေပညာရှင်တွေကို ဂုဏ်ပြုတဲ့နေ့၊ ရှေးခေတ်ဘုရင်တွေ လက်ထက်ကတည်းက စာဆိုတော်တွေကို ဂုဏ်ပြုခဲ့သလို အခုခေတ်မှာလည်း နှစ်စဉ်နှစ်စဉ် ဆက်လက်ပြီးတော့ အစဉ်အလာ မပျက် ကျင်းပလာခဲ့တဲ့ စာဆိုတော်နေ့ အထူးအမြတ်ပွဲလည်း ဖြစ်ပါတယ်။
ဦးပဏ္ဍိတာနန္ဒ (မြတ်ဘုန်း-တပ်ကုန်း)
စာပေဗိမာန် ကဗျာပေါင်းချုပ်(တတိယဆု)
အခု စာပေဗိမာန်စာမူဆုကို အမျိုးသမီးတွေ၊ အထူးသဖြင့်မြန်မာနိုင်ငံရဲ့ မိခင်ကောင်းတွေ မိခင်ရဲ့ အကြင်နာနှလုံးသားနဲ့ ဆုံးမတဲ့စကားတွေကိုကိုယ်တွေ့ ခံစားလိုက်ရတဲ့အခါ ၂၀၂၂ ခုနှစ် အတွက် ပြိုင်ပွဲမှာ နှလုံးလှအမေရဲ့ ဇာတ်စင်နှင့် အခြားကဗျာများဆိုတဲ့ ကဗျာပုဒ်ရေ ၇၂ ပုဒ် ပါဝင်တဲ့ စာအုပ်နဲ့ ကဗျာပေါင်းချုပ် (တတိယ ဆု)ကို ရခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဉူးပဉ္စင်းကတော့ မွန်မြတ်စိတ်ထား များများပွားဆိုတဲ့ ကဗျာနဲ့ စာပေလောကထဲကို စတင်ဝင်တယ်။ အဲဒီနောက်မှာ လူငယ်တွေ မူးယစ်ကင်းစင်ဖို့နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ဆိုင်တဲ့ ပြိုင်ပွဲတွေမှာလည်း ဆုတွေရခဲ့ပါတယ်။ အဲဒီနောက် မြန်မာ နိုင်ငံအမျိုးသားတွေ အမျိုးသားရေး စိတ်ဓာတ်တွေ နိုးကြားစေတော့ ဆိုပြီး အမျိုးသားဂုဏ်ရည်တိုးမြှင့် မည်ဆိုတဲ့ခေါင်းစဉ်နဲ့ ပြိုင်ပွဲဝင်ခဲ့တာ ၂၀၁၂ ခုနှစ်အတွက် စာပေ ဗိမာန်စာမူ (တတိယ) ဆုရခဲ့ပါတယ်။ လူငယ်မောင်မယ်တွေကို မှာချင်တာက အခြားတစ်ပါးသော ပုဂ္ဂိုလ်တွေကို ကောင်းစေချင်ရင် ဦးစွာပထမ ကိုယ်ကိုယ်တိုင်ကလည်းပဲ ကောင်းအောင် ကြိုးစားရမယ်။ မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်တဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့၊ မြန်မာနိုင်ငံကြီး သာယာဖို့၊ မြန်မာနိုင်ငံ ကြီး ကောင်းစားဖို့အတွက်ဆိုရင် အဓိကကတော့ကိုယ်ကျင့်တရားကောင်းဖို့ အရေးကြီးတယ်။ အဲဒါကြောင့် ကိုယ်ကျင့်တရားကို အလေးထားပြီး မိမိကိုယ်ကျင့် တရားကောင်းဖြင့် မိသားစုအကျိုး၊ ရပ်အကျိုး၊ ရွာအကျိုး၊ မြို့အကျိုး၊ နိုင်ငံအကျိုး၊ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးရွက် ဆောင်နိုင်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာတွေ ဖြစ်ပါ စေလို့ ဆန္ဒပြုတိုက်တွန်းပါတယ်။
ဦးဝင်းသိန်း
အမျိုးသားစာပေ (အင်္ဂလိပ်ဘာသာ-သုတ)ဆု
ငယ်စဉ်ကတည်းက စာဖတ်ပြီးတော့ စာရေးလာခဲ့တယ်။ ဒါတွေကို စုပေါင်းပြီးတော့ တိုင်းပြည် အကျိုးရှိအောင် ထုတ်ဝေတဲ့အခါမှာ နိုင်ငံတော်က အသိအမှတ်ပြု ခြင်းခံရတဲ့အတွက် အတိုင်းမသိ ခွန်အားဖြစ်တယ်။ အခုဆုရတဲ့ စာအုပ်ဟာ လူငယ်တွေအတွက်ပိုရည်ရွယ်တယ်။ လူငယ်တွေ စာဖတ်တဲ့အခါမှာ Read broadly – Read widely, Judge wisely စာကို ကျယ်ကျယ်ပြန့်ပြန့်ဖတ်၊ ပြည့်ပြည့်စုံစုံဖတ် အဲဒီတော့မှ အသိဉာဏ်ပညာနဲ့ အသုံးချနိုင်တဲ့ အနေအထားကို ရောက်မှာ။ အင်္ဂလိပ်စကားမှာလည်း ရှိတယ် A reader lives a Thousand Life before he died. စာဖတ်သူ က သူမသေခင်မှာ ဘဝပေါင်း တစ်ထောင် နေသွားရတယ်တဲ့။ The man who never read lives only one စာမဖတ်တဲ့သူကတော့တစ်ဘဝပဲ။ စာဖတ်တဲ့သူကတော့ စာပေကပေးတဲ့ဘဝအတွက် အကျိုးကျေးဇူးတွေနဲ့ဘဝပေါင်း တစ်ထောင်မက အတွေ့အကြုံ တွေ ရသွားတယ်။ စာမဖတ်တဲ့သူ ကတော့အတွေ့အကြုံမရဘူး။ ဒါကြောင့် စာဖတ်ပါ။ စာဖတ်တဲ့နေရာမှာလည်း အခုလူငယ်တွေကို တိုက်တွန်းချင်တာက စာဖတ်တဲ့အခါမှာ Casual Reading ၊ Superficially Reading လို့ခေါ်တဲ့ စာဖတ်တာကို အပျော်တမ်းဖတ်တာ၊ အပေါ်ယံ ဖတ်တာမလုပ်ပါနဲ့။ စာဖတ်ပြီဆိုကတည်းက အပေါ်ယံအပျော်တမ်း မဖြစ်စေအောင် Critical Reading ခေါ်တဲ့ ဆင်ခြင် သုံးသပ်ဝေဖန်နိုင်တဲ့ စာဖတ်နည်း မျိုးနဲ့ဖတ်ပါ။ အဲဒီတော့မှ စာဖတ် သူရဲ့ ရည်ရွယ်ချက်ကို သိမှာ။ သိတော့မှ ဆင်ခြင်သုံးသပ်ပြီး တော့ ဒါကိုဘယ်လို လုပ်သင့်လဲ၊ ဒါကို ဘယ်လိုသွားသင့်လဲ စဉ်းစားသုံးသပ်နိုင်မှာ။ အဲဒီတော့မှ တိုင်းပြည်အတွက်လည်း အကျိုးဆိုတာရှိမှာ။ ဒီတိုင်း စာအုပ်ဖတ်တယ် ဆိုပြီးတော့ အပျော်တမ်း အပေါ်ယံဖတ်လို့ တော့မရဘူး။ အဲဒီတော့စာကို ကျယ်ကျယ်ပြန့်ပြန့်ဖတ်ပါ။ ပြည့်ပြည့်စုံစုံဖတ်ပါ။ အဲဒီတော့မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆက်ပြီးတော့ လုပ်နိုင်မယ့် ဝမ်းစာ ကိုရမှာ။ ဒီခေတ်ကတော့ အိုင်တီ ခေတ်ဖြစ်တဲ့အတွက် ဖတ်စရာ တွေ အများကြီး။ E-book ၊ Pdf ၊ Online pwm တွေ ရှိမယ်။ Resources အရင်းအမြစ်တွေ အများကြီး ပေါကြွယ်ဝတယ်။ သို့သော် Resources ရှိတိုင်း တိုင်းပြည်တိုးတက်အောင် လုပ်နိုင်သလားဆိုတော့ မဟုတ်ဘူး။ Critical Reading နဲ့ ဖတ်မှ ဆင်ခြင်သုံးသပ် ဝေဖန်နိုင်တဲ့ အဆင့်ကို ရောက်တာ။ ဖတ်ရုံနဲ့ တင်ရပ်ထားလို့မရဘူး။ ဖတ်ပြီးရင် မှတ်ရမယ်။ မှတ်ပြီးတော့ပြုစုရမယ်။ ပြုစုပြီးတော့ မျှဝေရမယ်။ အဲဒါမှစာဖတ်တယ်၊ စာရေးတယ် အပြန်အလှန်အကျိုး ကျေးဇူးရှိတယ်။ ကလေးတွေ Critical Reading ရပါစေ၊ တိုင်းပြည်အတွက်ကို အကျိုးရှိပါ စေ၊ ကိုယ်တိုင်လက်တွေ့ကျကျ လုပ်နိုင်ပြီးတော့ မျှဝေနိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ် ရေးခဲ့တာပါ။
ဒေါ်စုလှိုင်တင့်
အမျိုးသားစာပေ (သုတပဒေသာ- အသုံးချသိပ္ပံ)ဆု
အဓိက ကတော့ စာပေလောကထဲကတော့ မဟုတ်ပေမယ့် ဇီဝနည်းပညာဆိုင်ရာ သိပ္ပံဘွဲ့ (Bio technology) ရထားတယ်။ အဲဒီနောက် ဂျာမနီနိုင်ငံမှာ ပညာတော်သင် ခုနစ်နှစ် တက်ရောက် ခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အချိန် ဖြစ်တဲ့အတွက် အထူးသဖြင့် ဆေးလောက ဓာတ်ခွဲခန်းနည်း ပညာရဲ့ အရေးပါမှုကို သိသွား တယ်။ အဲဒါနဲ့ ၂၀၂၁ ခုနှစ်မှာ ဓာတ်ခွဲခန်းများဆိုင်ရာ အရည် အသွေး စီမံခန့်ခွဲမှုစနစ်နှင့် ဓာတ်ခွဲခန်း ဘေးကင်းလုံခြုံရေးဆိုတဲ့ ပထမစာအုပ်ကို ထုတ်ဖြစ်ခဲ့တယ်။ အခု ဒုတိယမြောက်ထုတ်တဲ့ ဇီဝအန္တရာယ် ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲခြင်းစာအုပ်ကို ပြုစုခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဖြစ် တာကလည်း ကိုဗစ်-၁၉ ကာလမှာ နိုင်ငံတကာမှာ Risks ကို ပိုပြီးတော့ အလေးထားလာကြတယ်။ အရင်တုန်းက အရည်အသွေးစီမံခန့်ခွဲမှုစနစ်(Quality Management) လို့ ပြောတဲ့အချိန်မှာ Opportunities for Improvement ဆိုတာလောက်ပဲ ပြောကြ တယ်။ အခုအချိန်မှာတော့ အဲဒါနဲ့ မလုံလောက်တော့ဘဲနဲ့ Risks & Opportunities for Improvement ဆိုတာမျိုး Risk ကိုပါ ထည့်တွက်လာရပါတယ်။ အမြဲတမ်းရေရှည်တိုးတက် အောင်မြင် ဖို့အတွက် အမြဲအခွင့်အလမ်းချည်းပဲ ရှာလို့မရဘူး။ ထိခိုက်နိုင်ခြေ (Risks) ကိုပါ ထည့်တွက်လာရတယ်။ ဆေးပညာဓာတ်ခွဲခန်း နည်းပညာဘက်မှာ Risk ကို တွက်ချက်တဲ့အရာဟာ မြန်မာ ဘာသာနဲ့ ရေးထားတာ နည်းသေး တယ်။ အင်္ဂလိပ်လို များပေမယ့် နည်းပညာအခေါ်အဝေါ်အယူ အဆတွေဖြစ်တဲ့အတွက် ရှုပ်ထွေးတယ်၊ အဲဒါကို ရိုးရှင်းအောင် မြန်မာမှုပြုပေးတာပါ။ ကိုဗစ်ကာလအတွင်းမှာ စာစရေးရင်းနဲ့ ကိုယ်တတ်တဲ့ ပညာကို ပြန်ပြီးတော့ မျှဝေတာပါ။ အခုလိုဆုရတဲ့အတွက်၊ အသိအမှတ်ပြုတဲ့ အတွက်လည်း စာရေးဖို့ ပိုပြီးတော့ အားတက်မိတယ်၊ ခွန်အားလည်း ဖြစ်ပါတယ်။
ဒေါ်ယဉ်ယဉ်မွန်
(ရှေးဟောင်းသုတေသန)စာပေဗိမာန် သုတပဒေသာ(ဝိဇ္ဇာ)ပထမဆု
ဆရာမကတော့သမိုင်းကြောင်းကို အခြေတည်ပြီးတော့ လက်ရှိအခြေအနေအထိ ကွင်းဆင်းပြီး ရေးသားထားတဲ့ မြို့တည် နန်းတည်ကေတုမတီ(တောင်ငူ) စာအုပ်နဲ့ဆုရပါတယ်။ တပင် ရွှေထီး၊ ဘုရင့်နောင်၊ ရတုစာဆို နတ်ရှင်နောင်တို့ရဲ့ တောင်ငူမြို့ အကြောင်းကို ရေးထားတာပါ။ စာပေဗိမာန်ဆုကတော့ ဒါနဲ့ဆို လေးဆုမြောက်ရရှိတာပါ။ ပထမဆုံး ဓမ္မစေတီစာအုပ်နဲ့ ၂၀၁၁ ခုနှစ် မှာ သုတပဒေသာ (ဝိဇ္ဇာ) တတိယ ဆုရခဲ့ပြီးတော့ ၂၀၁၃၊ ၂၀၂၀ နဲ့ အခုကတော့ ပထမဆုတွေချည်း ပါ။ ကျွန်မတို့ ရှေးဟောင်းသုတေ သနဆိုတာက ရှေးဟောင်းအမွေ အနှစ် မြေပေါ်၊ မြေအောက်ပစ္စည်း တွေကို ထိန်းသိမ်းရတဲ့ဌာန ဖြစ် တယ်။ ဒီလိုလုပ်တဲ့အခါမှာ တစ်ဦး တစ်ယောက်၊ တစ်ဌာနတည်း လုပ်လို့မရဘူး၊ အများပြည်သူကပါ ပူးပေါင်းပါဝင်ဆောင် ရွက်ပြီးတော့ ပါဝင်မယ်။ ဥပမာ-ပျက်စီးနေတဲ့ ဘုရားစေတီတစ်ခုမှာ ပစ္စည်းတစ်ခု တွေ့တယ်ဆိုရင် ရှေးဟောင်း သုတေသနဌာနကို ပြည်သူတွေကပူးပေါင်းပြီး သတင်းပို့မယ်ဆိုရင် ကိုယ့်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဟာ တခြားသူလက်ထဲ ရောက်မသွားနိုင်တော့ဘူး။ ဒါကြောင့်မို့ လူငယ်တွေရော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို မြတ်နိုးသူတွေအားလုံး ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းချင်ပါတယ်။
တွေ့ဆုံမေးမြန်း -
ခင်ရတနာ၊ ဇင်ဦး
ဓာတ်ပုံ- သီဟစည်သူ