နေပြည်တော် ဒီဇင်ဘာ ၁၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မင်းဘူးမြို့ မန်းရေနံမြေအိမ်ရာ၌ တရားမဝင်ရေနံစိမ်း ၂၅ ဂါလန်နှင့် Kenbo 110 ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ မကွေးမြို့ မြို့မအိုးဘိုရပ်ကွက် ဧရာဝတီတံတားအနီး၌ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်သည့် Turbo 125 တစ်စီး၊ YHJJ 125 တစ်စီးနှင့် New Sumbo 125 တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၇၅၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့ကွေ့ကြီးရပ်ကွက်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီဒီဇယ်ဆီ (ချက်ဆီ) ဂါလန် ၇၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၆၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နေပြည်တော်-
ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂/၂) အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၁၂၉တန်၊ အခြားသစ် ၅ ဒသမ ၉၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၆၅၅၅၀) နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Nissan UD မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆၆၅၅၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၆၆၅၂၄ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
