နေပြည်တော် ဒီဇင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ခရိုင်တာဝန်ခံနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၃/ ၂၀၂၃-၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၅၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏လယ်ယာစီးပွားကဏ္ဍ တိုးတက်မြင့်မားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေပေးဝေရာတွင် ရေကိုတန်ဖိုးရှိစွာ အသုံးချရေး အလေအလွင့်နည်းပါးစေရန်နှင့် ရေစီမံခန့်ခွဲမှု ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်နှင့် သီးထပ်စွမ်းအားများတိုးတက်၍ သုံးသီးစိုက်ပျိုးနိုင် ရေး အလေးထားကြိုးစားဆောင် ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန (ရေအရင်းအမြစ်) ညွှန်ကြားရေး မှူး ဒေါ်ယုယုလှိုင်က သင်တန်းနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ရှင်းလင်းတင်ပြသည်။
သင်တန်းသို့ ၄၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလခြောက်ရက်ကြာမည့် အဆိုပါသင်တန်းတွင် ဌာနကဆောင်ရွက်လျက်ရှိသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်း၊ ရေသောက်စနစ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ မြေအောက်ရေစီမံခန့်ခွဲခြင်း၊ သိုလှောင်ရုံ ထိန်းသိမ်းခြင်း၊ ဘာသာရပ်များ သင်ကြားပို့ချမည့်အပြင် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ အလားတူအဂတိ လိုက်စားမှုတိုက်ဖျက်ရေး၊ EIA/ SIA ၊ RTA & Performance Audit ဘာသာရပ်များကိုလည်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်