ရန်ကုန် ဒီဇင်ဘာ ၁၂
မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်း ရေးနေ့ Belt and Road အခမ်း အနားကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ခြင်းနှင့် ဆွမ်းကပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Wyndham Hotel (Yangon)၌ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့်သက်ဆိုင်သည့် နိုင်ငံများတွင် နှစ်စဉ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ယခုနှစ်မှစတင်၍ ကျင်းပခြင်းဖြစ်သည်။
ပါဝင်ဆင်နွှဲ
“ကျွန်မတို့ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းက အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး Belt and Road နေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၆ ရက်မှာ ၁၀ နှစ်ပြည့် ဆုတောင်းပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးထွန်း၊ ဆွမ်းကပ်တရားနာ ဆုတောင်းပွဲပြုလုပ်မှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာက ရွှေတိဂုံစေတီ တော်မှာ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်မှာ ဖြစ်တဲ့အတွက်မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ကျွန်မတို့အသင်းက မြန်မာ့ယဉ်ကျေးမှုအနုပညာကို နိုင်ငံတကာကသိအောင် ညီအစ်ကို မောင်နှမအားလုံးပူးပေါင်းပြီး အတူတူလုပ်ဆောင်သွားမှာပါ” ဟု မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူက ပြောသည်။
စာနယ်ဇင်း ရှင်းလင်းပွဲတွင် မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူ၊ မြန်မာနိုင်ငံဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း၊ အကယ်ဒမီဒါရိုက်တာပန်းချီဦးစိုးမိုး၊ အပြည်ပြည်ဆိုင်ရာ Belt and Road ဥက္ကဋ္ဌ Mr. Chen Entian နှင့် မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းစိုးတို့က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အမှတ်တရစကားများ ပြောကြားကြသည်။
အဆိုပါ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းကို ၂၀၁၉ - ၂၀၂၀ ပြည့်နှစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တိုင်းရင်းသားပေါင်းစုံက ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ မပျောက်ပျက်စေရန်၊ မြန်မာ့အနုပညာယဉ်ကျေးမှု တိုးတက်မြှင့်တင်ရန်၊ နိုင်ငံတကာမှမြန်မာ့အနုပညာယဉ်ကျေးမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ မြန်မာ့အနုပညာ ယဉ်ကျေးမှုကို နိုင်ငံတကာကသိစေရန် တည်ထောင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
