နေပြည်တော် ဒီဇင်ဘာ ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ Boxing Indoor Stadium လက်ဝှေ့ အားကစားရုံနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် သက်မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
အားပေးကြည့်ရှု
အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပြိုင်ပွဲဝင်အားကစား မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေးကြည့်ရှုကြသည်။
ချီးမြှင့်ပေးအပ်
ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံတွင်ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲအပြီးတွင် အမျိုးသမီးအသင်းအလိုက် ပထမဆုကို မွန်၊ ဒုတိယဆုကို ပဲခူး၊ တတိယဆုကို မန္တလေးတို့က ရရှိကြပြီး အမျိုးသားအသင်းလိုက် ပထမဆုကိုစစ်ကိုင်း၊ ဒုတိယဆုကို ရန်ကုန်၊ တတိယဆုကို မကွေးတို့ကရရှိကြသည်။ ဆုများကိုကျောင်းသား အားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ချီးမြှင့်ပေးအပ်ကြသည်။
ယှဉ်ပြိုင်ကစား
ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံတွင် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲများကို ကျင်းပရာအမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင်မန္တလေးက ကရင်ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီကမကွေးကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ကချင်က မကွေးကို သုံးပွဲ- တစ်ပွဲဖြင့်လည်းကောင်း၊ မန္တလေးကရှမ်းကို သုံးပွဲ- တစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲပွဲစဉ်များကို ဒီဇင်ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံတွင် အမျိုးသား၊ အမျိုးသမီးဘတ်စကက်ဘော ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးလေ့ကျင့်ရေးကွင်းအမှတ် (၁) နှင့် ကွင်းအမှတ် (၃) တို့တွင် ယနေ့နံနက် ၇ နာရီ မှစတင်၍ အမျိုးသား၊ အမျိုးသမီး ဘောလုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်