ရန်ကုန် ဒီဇင်ဘာ ၁၂
မလေးရှားနိုင်ငံ ပီနန်မြို့တွင် ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက်အထိကျင်းပသော PENANG INVITA-TIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဂျူဒိုအားကစားအဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မလေးရှားနိုင်ငံပီနန်မြို့မှ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းမှကျောင်းသားကျောင်းသူများ၊ မိဘဆွေမျိုးများကပန်းစည်းများ၊ အိုးစည် ဒိုးပတ်များဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဝမ်းပန်းတသာကြိုဆို ကြသည်။
အဆိုပါပြိုင်ပွဲတွင် မလေးရှားကလပ်အသင်း ၁၀ သင်း၊ အင်ဒိုနီးရှားကလပ်အသင်း နှစ်သင်း၊ ထိုင်းနိုင်ငံအခြေစိုက် ပြင်သစ်ကလပ်အသင်း၊ စင်ကာပူအသင်း၊ ဘရူနိုင်းအသင်း၊ မြန်မာအသင်း စုစုပေါင်း ၁၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းမှ (-၂၈) ကီလိုတန်း၊ (-၃၂)ကီလို တန်း၊ (-၇၃) ကီလိုတန်း၊ (-၆၆)ကီလိုတန်း၊ (-၂၄) ကီလိုတန်း၊ (-၉၀) ကီလိုတန်း၊ (-၅၇) ကီလို တန်း၊(-၅၀) ကီလိုတန်းနှင့်(-၆၀)ကီလိုတန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (-၂၈) ကီလိုတန်းပြိုင်ပွဲတွင် အောင်ဇေထက်က ရွှေတံဆိပ်တစ်ခု၊ (-၃၂) ကီလိုတန်းပြိုင်ပွဲတွင် နှင်းဦးဝတ်ရည်က ရွှေတံဆိပ်တစ်ခု၊ (-၇၃) ကီလိုတန်းပြိုင်ပွဲတွင် ကျော်ခန့်စိုးက ရွှေတံဆိပ်တစ်ခု၊ (-၆၆) ကီလိုတန်းပြိုင်ပွဲတွင် ထက်အောင်က ရွှေတံဆိပ်တစ်ခု၊ (-၂၄) ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်တစ်ခု၊ (-၉၀)ကီလိုတန်း ပြိုင်ပွဲတွင်အောင်ဝေဖြိုးက ငွေတံဆိပ်တစ်ခု၊ (-၅၇) ကီလို တန်းပြိုင်ပွဲတွင် ငွေပုံချစ်ကကြေး တံဆိပ်တစ်ခုနှင့် (-၅၀) ကီလိုတန်းပြိုင်ပွဲတွင် ခိုင်ခန့်က ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
