နေပြည်တော် ဒီဇင်ဘာ ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ကျင်းပသော ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ချိတ်ဆက်အသုံးပြုဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သောသင်တန်းတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၏ အပိုင်းသုံးခုဖြစ်သည့် ဘေးမဖြစ်မီဆောင်ရွက်ရ မည့်အစီအမံများ၊ ဘေးဖြစ်နေစဉ်တုံ့ပြန်ဆောင်ရွက် ရမည့်လုပ်ငန်းရပ်များ၊ ဘေးဖြစ်ပြီးနောက် လုပ်ဆောင်ရမည့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးအစီအစဉ်များစသည့် ကာလအပိုင်းအလိုက် ဆောင်ရွက်ရန်များအပြင် အခြားဗဟုသုတဖြစ်စေနိုင်မည့် ဘေးအန္တရာယ်နှင့်ဆက်စပ်သည့်အကြောင်းအရာများကို လေ့လာကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း မိမိတို့၏အတွေ့အကြုံများနှင့်ပေါင်းစပ်၍ အချင်းချင်းဆွေးနွေးခြင်း၊ ပူးပေါင်းလုပ်ဆောင်ကြခြင်းတို့ဖြင့် သင်တန်းကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးပြုပြီး အတွေ့အကြုံဗဟုသုတများရယူကြရန်နှင့် ရရှိသည့်အသိပညာဗဟုသုတများကို ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ၌ မိမိတို့၏ ပင်မတာဝန်များနှင့် ချိတ်ဆက်အသုံးပြု ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားသည်။
သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ၅၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂၂ ရက်အထိ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
