Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) တိုးလ်ဂိတ်များနှင့် မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပိုင်း တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံသည့် တိုးလ်ဂိတ်များဖြစ်သော ပန်းတင်မီနီတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ သီးကုန်းမီနီတိုးလ်ဂိတ်နှင့် မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပိုင်းပေါ်ရှိ မြတ်နိုးသူကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ဂိတ်များကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုးလ်ဂိတ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာခရိုင် လမ်းဦးစီးဌာနနှင့် လမ်းအထူးအဖွဲ့ (၉)  ရုံးအဆောက်အဦများကို ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာ - မလှိုင်လမ်းပေါ်ရှိ ထွန်းညိုလူကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာတိုးလ်ဂိတ်အသစ် တည်ဆောက်ပြီးစီးသည့် တံတား အမှတ်-၃/၈ ကံကောင်း ချောင်းတံတားနှင့် ကံကောင်းမီနီတိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းတစ်လျှောက်နှင့် မိုင်တိုင်အမှတ် - ၂၆/၆ နှင့် ၂၆/၇ အကြား ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မြတ်နိုးသူကုမ္ပဏီမှ BOT စနစ်ဖြင့်ဆောင် ရွက်လျက်ရှိသည့် ကျောက်ပန်းတောင်းတိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းပေါ်ရှိ မိုင်တိုင်အမှတ်-၁၈/၀နှင့် ၂၅/၀ အကြား လမ်းမျက်နှာပြင် ပေါက်နေမှုပြင်ဆင်ရန်၊ ယာဉ်များ ချောမွေ့စွာသွားလာနိုင်ရေး ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာနှင့် မိုင်တိုင်အမှတ်များပတ်လည် ချုံနွယ်များ ရှင်းလင်းရန်၊ BOT စာချုပ်ပါအတိုင်း လမ်းများအဆင့်မြှင့်တင်ရေးနှင့် တိုးလ်ဂိတ်များ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ် လမ်းဦးစီးဌာန အဆောက်အဦများနှင့် မြတ်နိုးသူကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ညောင်ဦးတိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 သတင်းစဉ်