Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ပြည်တွင်းဖြန့်ဖြူးရန်နှင့် ပြည်ပတင်ပို့ရန် ဆန်ကြိတ်ခွဲထုတ်လုပ်မှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ တစ်ရက်လျှင် တန်ချိန် ၄၇၀ ကျ ရွှေဝါရောင်ဆန်စက်သို့ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ကြမ်းများမှ ပြည်တွင်းဖြန့်ဖြူးရန်နှင့် ပြည်ပတင်ပို့ရန် အဆင့်မြင့်ဆန်များအား သန့်စင်ခြင်း၊ ထပ်မံကြိတ်ဖွတ်ခြင်း၊ ဆန်ကွဲခွဲထုတ်ခြင်း၊ ဆန်အရောင်တင်ခြင်းနှင့် အရောင်ခွဲခြားခြင်း၊ သတ်မှတ်အရည်အသွေးပြည့်မီရေး စစ်ဆေးခြင်း၊ အိတ်သွတ်ထုပ်ပိုးခြင်းနှင့် ဆန်များကို ပိုးသတ်မှိုင်းတိုက် ပြုလုပ်ထားရှိမှု၊ ပြည်တွင်းဖြန့်ဖြူးရန် စီစဉ်ထားရှိမှု၊ ပြည်ပသို့ တင်ပို့ရန် သိုလှောင်ထားရှိမှု၊ တိရစ္ဆာန်အစာ သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကုန်သွယ်ဖက်နိုင်ငံများရှိ ကုမ္ပဏီများနှင့် စေ့စပ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management - CTQM) သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဌာနမှူးက လယ်ယာထွက်ကုန်သီးနှံများ စမ်းသပ်စစ်ဆေးပေးလျက်ရှိသည့် ဓာတ်ခွဲခန်းများ တည်ထောင်ထားရှိမှု၊ သီးနှံအမျိုးအစားအလိုက် စမ်းသပ်စစ်ဆေးပေးမှု၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းဖွင့်လှစ်နိုင်မှု၊ သုတေသနလုပ်ငန်းဆောင်ရွက်မှု၊ နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်း လက်မှတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ပစ္စည်းအရည်အသွေးတွင် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဓာတ်ခွဲခန်းများအဆင့်မြှင့်တင်ရေး၊ ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့် သင်ကြားပေးရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management - CTQM) တွင် ဆီနှင့် ဆီထွက်သီးနှံဓာတ်ခွဲခန်း၊ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း၊ ပိုးမွှားဓာတ်ခွဲခန်း၊ သီးနှံ (ဓာတု) ဓာတ်ခွဲ ခန်း၊ သီးနှံ(ရူပ) ဓာတ်ခွဲခန်း၊ မှိုဆိပ်ဓာတ်ခွဲခန်းနှင့် အဏုဇီဝပိုးဓာတ်ခွဲခန်းစသည့် ဓာတ်ခွဲခန်း ခုနစ်ခန်း၌ သီးနှံများကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်