နေပြည်တော် ဒီဇင်ဘာ ၁၀
(၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်းတို့သည် ယမန်နေ့ ညနေပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးကြသည်။
ကိစ္စရပ်များဆွေးနွေး
တွေ့ဆုံစဉ် အစဉ်အလာအရ တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးသည် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။
ပြန်လည်ရောက်ရှိ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်