မန္တလေး ဒီဇင်ဘာ ၁၀
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြင်ဦးလွင်မြို့ရှိ ဆန်းသစ်ဝိုင်လုပ်ငန်း၊ Winner and Winner Winery မက်မန်းနှင့် ဝိုင်လုပ်ငန်း၊ ရှမ်းတောင်တန်း စားသောက်ကုန်လုပ်ငန်းနှင့် Top Jam လုပ်ငန်း၊ စိုးစံမက်မန်းနှင့် ယိုစုံလုပ်ငန်းတို့သို့ ရောက်ရှိပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားရမည်
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ဒေသရှိ ကော်ဖီနှင့် ဒေသထွက်ကုန်ပစ္စည်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းများနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့်အခြေအနေအား သိရှိရန်နှင့် လိုအပ်သည့် နည်း ပညာပံ့ပိုးပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်များအား အရည်အသွေးပြည့်မီရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းနှင့် ဒေသတွင်း လုံလောက်စွာထုတ်လုပ်ပြီး တန်ဖိုးကွင်းဆက် နိုင်ငံတကာဈေးကွက်အထိ ပိုမိုတိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုသည်။
လိုက်လံကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ ဒီဇင်ဘာနို့စားနွား မွေးမြူရေးခြံနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိရာ ခြံလုပ်ငန်းရှင်က ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာအုပ်စုနှင့် ပွေးကောက်ကျေးရွာစုအတွင်း ဒီဇင်ဘာခြံ နို့စားနွား မွေးမြူရေးနှင့် အပန်းဖြေစခန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နို့စားနွား မွေးမြူထားရှိမှု၊ နို့ထွက်ပစ္စည်း ထုတ်လုပ်ထားရှိမှုနှင့် ခြံအတွင်း ပြင်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြင်ဦးလွင်မြို့ နန်းမြိုင်ကော်ဖီစက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များနှင့် ကုန်ထုတ်စက်များ၏ စက်စွမ်းအားအချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ဂျာမနီနိုင်ငံထုတ် Probatone- 60 Kg ကော်ဖီလှော်စက်၊ ဆွစ်ဇာလန်နိုင်ငံထုတ် ကော်ဖီကြိတ်စက်၊ ဂျပန်နိုင်ငံထုတ် ကော်ဖီမစ်ထုပ်ပိုးစက်တို့ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
သတင်းစဉ်