ရန်ကုန် ဒီဇင်ဘာ ၉
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုသဘင်အထိမ်းအမှတ် မော်ကွန်းကမ္ပည်း ကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကျောက်စာတိုင် မြေမြတ်နေရာမွန်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ တက္ကသိုလ်ဒုတိယအဓိပတိ၊ သန်လျင်မင်းကျောင်း ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ဦးစီးတည်ထောင်သူ (Founder) တက္ကသိုလ်ဩဝါဒါစရိယဖြစ်တော်မူသော နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိသီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒအမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သီရိပျံချီ ဦးစိန်ထွားတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး မင်္ဂလာအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မော်ကွန်းကမ္ပည်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်သည်။ ထိုအချိန်တွင် ဆရာတော်ကြီးများနှင့် အကြီးအကဲများအားလုံးက “ဇယန္တောဗောဓိယာ မူလေ” အစချီသော အောင်ဂါထာကိုရွတ်ဆိုပူဇော်ကြပြီး မော်ကွန်း ကမ္ပည်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းချီးမြှင့်တော်မူကြသည်။
ယင်းနောက် နံနက် ၈ နာရီတွင်(၂၅)နှစ်မြောက် ငွေရတုသဘင် အထိမ်းအမှတ်အောင်ပွဲအခမ်းအနားကို ကမ္ဘာအေးကုန်းမြေ မဟာပါသာဏသိမ်လိုဏ်ဂူတော်ကြီးအတွင်း၌ ဆက်လက်ကျင်းပရာ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ သီတဂူဆရာတော်နှင့် ပြည်ပနိုင်ငံများမှ သံဃရာဇာဆရာတော်ကြီးများအား အခမ်းအနားဖြင့် ဦးစွာပင့်ဆောင်တော်မူကြသည်။
ထို့နောက် သန်လျင်မြို့ မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် အိန္ဒိယနိုင်ငံ ဓမ္မဒီပဗုဒ္ဓတက္ကသိုလ်အဓိပတိ ဒေါက်တာ ဘဒ္ဒန္တဓမ္မပီယ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒတို့က သိမ်လိုဏ်ဂူတော်ကြီးအတွင်းရှိ ဗုဒ္ဓမြတ်စွာရုပ်ပွားတော်မြတ်အား ဆီမီးအလင်းတိုင်များဖြင့် ထွန်းညှိပူဇော်ကြသည်။
ယင်းနောက် အခမ်းအနားကိုစတင်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်က တက္ကသိုလ်ငွေရတု ခရီးမှတ်တမ်းကို ဖတ်ကြားသည်။
ဆက်လက်၍ သန်လျင်မြို့ မင်းကျောင်းပရိယတ္တိ စာသင်တိုက်ပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက တက္ကသိုလ်ဖွင့်လှစ်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုသဘင်အထိမ်းအမှတ် ဂုဏ်ပြုဝမ်းမြောက်စကားမိန့်ကြား၍ အခမ်းအနားကို ချီးမြှင့်ဖွင့်လှစ်တော်မူကာ လိုဏ်ဂူတော်ကြီးအတွင်းရှိ ခေါင်းလောင်းတော်အား ဖွင့်ပွဲအထိမ်းအမှတ် အဖြစ် တီးခတ်ပူဇော်ရာ ဥပသကာများက လိုဏ်ဂူတော်ပတ်လည်ရှိ ခေါင်းလောင်းတော် ၁၀၈ လုံးတို့အား တစ်ပြိုင်နက်တည်း ကိုးကြိမ်တီးခတ်ပူဇော်ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ဦးစီးတည်ထောင်သူ (Founder) တက္ကသိုလ်ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက တက္ကသိုလ် ဖွင့်လှစ်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုသဘင်အထိမ်းအမှတ် ဂုဏ်ပြုဝမ်းမြောက်စကား မိန့်ကြားချီးမြှင့်သည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနောဓိဉာဏက တက္ကသိုလ်ဖွင့်လှစ်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုသဘင်အထိမ်းအမှတ် ဂုဏ်ပြုဝမ်းမြောက်စကား မိန့်ကြားချီးမြှင့်သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကိုးကွယ်မှုဘာသာရေးနှင့် သာသနာပြုမဟာဌာန၊ ဌာနကြီးမှူးဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇနကက ဒီဇင်ဘာ ၇ ရက်တွင် Buddhist Studies in the 21st Century: Challenges and Opportunities ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ငွေရတုအထိမ်းအမှတ် စာတမ်းဖတ်ပွဲရလဒ်ကြေညာချက်စာတမ်းကို ဖတ်ကြားကြေညာသည်။
ထို့နောက် သီရိလင်္ကာနိုင်ငံ အမရပူရဂိုဏ်းသံဃရာဇာသဘာ ဥက္ကဋ္ဌဆရာတော်၊ လာအိုနိုင်ငံ သံဃရာဇာအဖွဲ့ အမြဲတမ်းအဖွဲ့ဝင် ဆရာတော်၊ ဗီယက်နမ်နိုင်ငံ သံဃရာဇာအဖွဲ့ဝင် ဆရာတော်၊ ကမ္ဘောဒီးယားနိုင်ငံသံဃရာဇာအဖွဲ့ဝင် ဆရာတော်တို့က တက္ကသိုလ်ဖွင့်လှစ်တည်ထောင်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုဝမ်းမြောက်စကားများ မိန့်ကြားချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဂုဏ်ပြုစကားလျှောက်ထားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E Mr. Janaka Bandara က ဂုဏ်ယူဝမ်းမြောက် စကားလျှောက်ထားကာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင် ဝမ်းမြောက်စကား လျှောက်ထားသည်။
ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်း ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာဆရာတော်ကြီးများအား တက္ကသိုလ်ဖွင့်လှစ်တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုသဘင်အထိမ်းအမှတ် တက္ကသိုလ်ပုံ ရွှေဇဝါယွန်းပန်းချီကားချပ်များကို ပြည်ထောင်စုဝန်ကြီးအမှူးပြုသော အကြီးအကဲများက ဆက်ကပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းသား ၃၁၁ ပါး/ဦး ပညာသင်ကြားလျက်ရှိ
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သည် မြတ်ဗုဒ္ဓ၏ ထေရဝါဒဗုဒ္ဓဓမ္မစစ်စစ်ကို ကမ္ဘာသို့ပျံ့နှံ့စေရန် သင်ကြားပေးလျက်ရှိသည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး ယခုပြည့်မြောက်သော ငွေရတုကာလအထိ တက္ကသိုလ်သို့ တက်ရောက်အောင်မြင်ခဲ့သည့် ပြည်တွင်း ပြည်ပသင်တန်းသားများအနက် ပါရဂူဘွဲ့ရရှိသူ ၄၅ ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ ၂၃၃ ပါး/ဦး၊ ဝိဇ္ဇာ ဘွဲ့ရရှိသူ ၈၄၁ ပါး/ဦး၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူ ၁၂၇၆ ပါး/ ဦး စုစုပေါင်း ၂၃၉၅ ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ကာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်တွင်း/ပြည်ပ သင်တန်းသား စုစုပေါင်း ၃၁၁ ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်